အစိုးရကို ပုတ်ခတ်သည့် သင်္ကြန်သီချင်းများ ရေးသား၊ သီဆိုပါက အရေးယူမည်ဆို

အစိုးရကို ပုတ်ခတ်သည့် သင်္ကြန်သီချင်းများ ရေးသား၊ သီဆိုပါက အရေးယူမည်ဆို
by -
Mizzima
အစိုးရကို ပုတ်ခတ်ရေးသားထားသည့် သီချင်းများ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ပျက်စေသည့် ရေးသား သီဆိုမှုများ၊ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းအပေါ် ပုတ်ခတ်သည့် သီချင်းများ လာမည့် သင်္ကြန်ကာလတွင် မသီဆိုကြရန် တားမြစ်ထားပြီး ဖေါက်ဖျက်ပါက အရေးယူမည်ဟု မတ်လ ၃ ရက်ထုတ် ကြေးမုံ သတင်းစာတွင် ဖေါ်ပြသည်။

“မဟာသင်္ကြန်သီချင်းများ သီဆို ဖျော်ဖြေရာတွင် မြန်မာနိုင်ငံတော်နှင့် အစိုးရ၏ ဂုဏ်သိက္ခာထိပါး စေနိုင်သည့် တစ်ဖက်သတ် စွပ်စွဲ ပုတ်ခတ်ရေးသား သီဆိုမှုများ မပါရှိစေရန်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ပျက်ပြားစေနိုင်သည့် ရေးသား သီဆိုမှုများ မပါရှိစေရန်၊ မြန်မာ့ ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် စာသား၊ ဝတ်စား ဆင်ယင်မှု၊ တင်ဆက်မှု၊ သရုပ်ဖေါ်မှုများ မပါရှိစေရန်၊ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် (သို့) အဖွဲ့အစည်းအပေါ် တစ်ဖက်သတ် စွပ်စွဲ ပုတ်ခတ်မှုများ မပါရှိစေရန်” ဟု ကြေးမုံ သတင်းစာတွင် ပါရှိသည်။

စည်းကမ်းဖေါက်ဖျက်ပါက စည်ပင်သာယာ တည်ဆဲဥပဒေအရ အရေးယူသွားမည်ဟုလည်း ဆိုသည်။ မန္တလေးမြို့တော် ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ကော်မတီက အဆိုပါ စည်းကမ်းချက်များကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုထားသည်။

စည်းကမ်းချက်များတွင် “သင်္ကြန်မဏ္ဍာပ်များတွင် အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါးများ ရောင်းချခြင်းမပြုရန်” လည်း ကန့်သတ်ထားသည်။ အလားတူ လေအိုးသုံးရေပိုက်၊ မီးသတ်ပိုက်ခေါင်းများနှင့် ရေမပက်ကြရန်၊ အချင်း ၄ လက်မထက်မပိုသော ရေစုပ်စက်များသာ အသုံးပြု ကစားကြရန်လည်း စည်းကမ်းသတ်မှတ်ထားသည်။

မန္တလေးမြို့တော် ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ကော်မတီ၏ အစည်းအဝေးကို ဖေဖေါ်ဝါရီလ ၂၉ ရက်က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံး အစည်းအဝေးခမ်းမတွင် ကျင်းပခဲ့သည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...