ပုသိမ်ကြီးမြို့နယ် ကြံခင်းကျေးရွာတွင် မဲစာရင်းကို ရာအိမ်မှူးအိမ်နောက်ခန်းတွင်သာ ကပ်၍ မဲဆန္ဒရှင်များ မကြည့်ရသေး

ပုသိမ်ကြီးမြို့နယ် ကြံခင်းကျေးရွာတွင် မဲစာရင်းကို ရာအိမ်မှူးအိမ်နောက်ခန်းတွင်သာ ကပ်၍ မဲဆန္ဒရှင်များ မကြည့်ရသေး
by -
မဇ္ဈိမ
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၊ ပေါက်မြိုင်အုပ်စု၊ ကြံခင်းကျေးရွာတွင် အောက်တိုဘာ ၈ ရက်နေ့အထိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက မဲစာရင်းကပ်မပေးသေးခြင်း မရှိဘဲ ရာအိမ်မှူးအိမ် အနောက်ခန်း၌သာ ကပ်ထားသဖြင့် ဒေသခံများ မဲစာရင်းတွင် ပါမပါ မသိရသေးကြောင်း ဒေသခံများက မဇ္ဈိမသို့ ပြောသည်။

အဆိုပါကြံခင်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး အိမ်ထောင်စု ၂၈၀ ကျော်ရှိကာ မဲပေးနိုင်သူဦးရေ ၈၀၀ ခန့်ရှိသည်ဟု ကြံခင်းကျေးရွာက ဦးမင်းခိုင်က ဆိုသည်။

"မင်းစာရင်းက တစ်ရွာကသိချင်တယ်။ ဒါပေမယ့် တစ်ရက်ပဲကပ်ပြီး ပြန်သိမ်းသွားပြီး ရာအိမ်မှူး အိမ်ရဲ့ အနောက်ခန်းထဲမှာ ပြန်ကပ်ထားတယ်။ ထင်သာမြင်သာမရှိဘူး။ အိမ်ပေါ်ဆိုတော့လည်း အတော် အသင့်လူက တက်မကြည့်တော့ဘူး။ ပြန်ကပ်ဖို့ပြောတော့လည်း ဒီနေ့အချိန်ထိ မကပ်ပေးဘူး။"ဟု ဦးမင်းခိုင်က ပြောသည်။

အဆိုပါမဲစာရင်း အိမ်အပေါ်ထပ်တွင် ကပ်ထားခြင်းနှင့်ပတ်သက်၍ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းခိုင်က ပျက်စီးသွားမည်ကို စိုးရိမ်သောကြောင့် ထိုသို့ ပြုလုပ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

"မဲစာရင်းက ကပ်ပါတယ်။ ဒါပေမယ့် မဲစာရင်းတွေ ပျက်စီးမှာစိုးတဲ့အတွက် ရာအိမ်မှူးက သူ့အိမ်ထဲကပ်တာ ဖြစ်ပါလိမ့်မယ်။"ဟု ဦးဝင်ခိုင်က ပြောသည်။

မဲစာရင်းကို ထိုသို့ အိမ်အတွင်း ကပ်ထားခြင်းသည် ရွာသူရွာသားများအား မဲစာရင်း မသိရှိစေရန် ပြုလုပ်ခြင်းဖြစ်သည်ဟု ဒေသခံများက စွပ်စွဲပြောဆိုကြသည်။

အဆိုပါကျေးရွာမှ မဲစာရင်းတွင် ပါဝင်သူ ကိုမင်းမင်းကလည်း "ကျွန်တော်တို့လည်း အိမ်တက်ကြည့် ရတယ်။ မဲစာရင်းမှာတော့ ပါတယ်။ ကျန်တဲ့လူတွေက ကပ်မှန်းကို မသိဘူး။ တကယ်ဆို ရွာမှာ ကပ်ဖို့ နေရာတွေ အများကြီးပါ။ ဒါပေမယ့် ကပ်မပေးဘူး။ မဖြစ်သင့်ဘူပေါ့ဗျာ။"ဟု ပြောသည်။

အဆိုပါကျေးရွာ၌ ပထမအကြိမ် မဲစာရင်းသာ စက်တင်ဘာလ ၁၅ ရက်နေ့က တစ်ရက်တည်းသာ ကပ်ပြီး ညနေပိုင်းတွင် ပြန်လည် သိမ်းသွားသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ ပထမအကြိမ် မဲစာရင်းတွင်လည်း ၂၀ ဦး မှားယွင်းခဲ့ပြီး ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း ဒုတိယအကြိမ် မဲစာရင်းမှာ အောက်တိုဘာလ ၈ ရက်အထိ ကပ်ထားခြင်းမရှိသောကြောင့် ပါမပါမသိရသေးဟု ကြံခင်းကျေးရွာမှ ကိုဆန်းဦး ကဆိုသည်။

"ပြင်တော့ ပြင်တယ်။ ဒါပေမယ့် ပါမပါ မသိရသေးဘူး။ မဲစာရင်းက မကပ်သေးဘူးဗျာ။ ကျွန်တော်တို့အနေနဲ့ မဲပေးခွင့်ရှုံးမှာကိုတော့ စိုးရိမ်တယ်။"ဟု ကိုဆန်းဦး ကပြောသည်။

ပုသိမ်ကြီးမြို့နယ်တွင် ရေကြည်ညောင်ပင်အုပ်စုနှင့် ပေါက်မြိုင်အုပ်စုတို့ မဲစာရင်းများကပ်ထားခြင်း မရှိသေးကြောင်း ဒေသခံများ ကဆိုသည်။

ပုသိမ်ကြီးမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဦးဝင်းခိုင်က "အမြန်ဆုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို အမြန်ဆုံး အကြောင်းကြားပေးပါမယ်။"ဟု ပြောသည်။

တတိယအကြိမ် မဲစာရင်းများကို ထုတ်ပြန်ခဲ့သည်မှာ စက်တင်ဘာ ၂၇ ရက်နေ့ နောက်ဆုံးထုတ်ပြန်ခဲ့ ပြီး အပြီးသတ်စာရင်းကို ယခု အောက်တိုဘာလအတွင်း ထုတ်ပြန်ပေးမည်ဖြစ်သည်။ သို့သော် နောက်ဆုံးထုတ်ပြန်မည့် မဲစာရင်းအချောတွင် ပြင်ဆင်၊ ဖြည့်စွက်နိုင်မည် မဟုတ်ပေ။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...