သစ်ခိုးထုတ်မှုများ ဒေသအာဏာပိုင်တို့နှင့် ပေါင်းလုပ်နေဟု ဒေါ်အောင်ဆန်းစုကြည်ပြော

သစ်ခိုးထုတ်မှုများ ဒေသအာဏာပိုင်တို့နှင့် ပေါင်းလုပ်နေဟု ဒေါ်အောင်ဆန်းစုကြည်ပြော
by -
မဇ္ဈိမ
ကချင်ပြည်နယ် မိုးမောက်မြို့နယ်သို့ ရောက်ရှိနေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်မှုများကို အာဏာပိုင်များနှင့် ပေါင်းလုပ်နေသည်ဟု အောက်တိုဘာ ၆ ရက်နေ့က သူ၏ စည်းရုံးရေး ခရီးစဉ်အတွင်း ထည့်သွင်း ပြောကြားလိုက်သည်။

“တရားမဝင် နိုင်ငံရဲ့ ပစ္စည်းတွေကို ခုတ်ပြီးတော့ ရောင်းပြီးတော့ သုံးစားတာတွေနဲ့ ပတ်သက်လို့ အဲ့ဒီဟာ လုပ်တာဟာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ ပင်းပြီးတော့ လုပ်ကြတယ်ဆိုတာ ပြည်သူတွေ အများကြီး သိပြီးသားဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ “ကျမတို့ကို အမျိုးမျိုး ဖိနှိပ်ပြီးတော့ ကန့်သတ်နေတာလည်း သစ်တွေ ရောင်းတဲ့ ဝယ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်”ဟုလည်း သူက ဆိုသည်။

ဥပဒေ၏ အောက်တွင် အားလုံး တန်းတူညီတူ ရှိသင့်ပြီး ဥပဒေဘောင်အတွင်းက လုပ်ကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။ “အားလုံးဟာ ဥပဒေအရ လုပ်မှာပါ လူတိုင်း လူတိုင်းဟာ ဥပဒေရဲ့အောက်မှာ တန်းတူ ရည်တူ ဖြစ်ရမယ်။ သာမန် လူတစ်ယောက်က သစ်ပင် မခုတ်ရဘူး ဆိုရင် ဝန်ကြီး တစ်ယောက်ကလည်း သစ်ပင် ခုတ်ပိုင်ခွင့် ရှိမှာ မဟုတ်ပါဘူး”ဟု ပြောသည်။

သစ်ခိုးထုတ်မှုများနှင့် ပတ်သက်၍ လန်ဒန်အခြေစိုက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စုံစမ်း စစ်ဆေးရေး အေဂျင်စီ (EIA)က စက်တင်ဘာ ၂၂ ရက်နေ့၊ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်းမှ သစ်လုံးများကို ပြည်ပနိုင်ငံများသို့ အလုံးလိုက် တင်ပို့ခွင့် တားမြစ်ထားသော်လည်း တရုတ်-မြန်မာ နယ်စပ်တွင် ခိုးသွင်းမှုများ ရှိနေဆဲဟု ဆိုသည်။

တရားမဝင် သစ်မှောင်ခိုကူးမှုကို တရုတ်မှောင်ခိုဂိုဏ်း တစ်ခုက ထိန်းချုပ်ထားကြောင်း (EIA) က ထုတ်ပြန်ထားသည်။ ထိုအဖြစ်အပျက်ကို မတားနိုင်ပါက သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တော ပြုန်းတီးမှုများကို ထိုင်ကြည့်နေကြရတော့မည်ဟုလည်း ဆိုသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း သစ်ခိုးထုတ်မှုကြောင့် တရုတ်နိုင်ငံသား ၁၅၀ ကျော်ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပါအဝင် ၁၅ နှစ်အထက် ပြစ်ဒဏ်များ မြစ်ကြီးနားခရိုင် တရားရုံးက ဇူလိုင်လအတွင်း ပြစ်ဒဏ်ချမှတ်ခဲ့သေးသည်။ သို့သော် တစ်ပတ်အကြာတွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်သွားကြသည်။

ယင်းအဖြစ်အပျက် ပေါ်ပေါက်ပြီးနောက် စက်တင်ဘာ ၂၄ ရက် နေပြည်တော်တွင် ပြုလုပ်သည့် မြန်မာ-တရုတ် သစ်ကုန်သွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် မန်မာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီး ဦးဝင်းထွန်းနှင့် တရုတ်နိုင်ငံ သစ်တောရေးရာ စီမံခန့်ခွဲမှုမှ တာဝန်ရှိသူ Fu Gui တို့ တွေ့ဆုံခဲ့ကြပြီး သစ်ခိုးထုတ်မှုများကို ပူးပေါင်းဆောင်ရွက်သွားမည်ဟု သဘောတူခဲ့ကြသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...