ရန်ကုန်မြို့တွင် မေလ ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပသည့် မြိုနိုင်ငံရေးပါတီများ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် မေလ ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် သဘောထား ကြေညာချက်၌ ယင်းကဲ့သို့ တောင်းဆိုထားခြင်း ဖြစ်သည်။
မြိုအမျိုးသား ဒီမိုကရေစီပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ဦးယက်သက်အောင်က “ကျွန်တော်တို့ သဘောထားက အမှန်တရားကို လိုချင်ပါတာပါ။ ဟိုဘက်တပ်ဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းသွားတာပါ။ တကယ်တော့ သူတို့က ရွာသားတွေဆိုတာ စစ်မှန်ပါတယ်” ဟု ပြောသည်။
အဆိုပါ ဒေသခံ ၂၀ ဦးခန့်ကို ရက္ခိုင့်တပ်မတော်နှင့် ပတ်သက်မှု ရှိသည်ဟုဆိုကာ ဖမ်းဆီးထားခြင်းဖြစ်ပြီး မေလဆန်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ကို ရုံးတင်စစ်ဆေးမည်ဟုလည်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ခင်မောင်က မဇ္စျိမကို ပြောကြား ထားသေးသည်။
ကြေညာချက်ကို မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြို အမျိုးသား ဒီမိုကရေစီ ပါတီတို့ ပူးတွဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စပါးဆိပ်ကျေးရွာ ဥက္ကဋ္ဌ ဦးဇံဦးက “ရွာသားတွေပါ။ တကယ်တော့ ရက္ခိုင့်တပ်မတော်နဲ့ အဆက်အသွယ်် မရှိပါဘူး။ အဆက်အသွယ် ရှိတယ်ဆိုပြီး လာဖမ်းသွားတာ။ စစ်တပ်က လာဖမ်းတာတော့ မဟုတ်ပါဘူး။ ဒုရဲအုပ် တစ်ဦးက လာဖမ်းသွားတာပါ။ အခု ပုဒ်မ ၈၇၁ နဲ့ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်” ဟု ပြောသည်။ ၎င်းတို့ကို မေလဆန်းပိုင်းက ဖမ်းဆီးခဲ့သည်ဟုလည်း ဦးဇံဦးက အတည်ပြုသည်။
ယင်း ကြေညာချက်တွင် မြို၊ ခမီ မျိုးနွယ်စုများသည် ရခိုင်ပြည်နယ်၌် ရှေးယခင်ကပင် နေထိုင်လာကြသည့် ယဉ်ကျေးမှုနှင့် ဘာသာစကားတူ ဌာနေ တိုင်းရင်းသားများဖြစ်ပြီး မျိုးနွယ်စုများအား ရခိုင်တိုင်းရင်းသား မျိုးနွယ်ဝင်များအဖြစ် မှားယွင်းဖော်ပြခြင်းများကို အလေးအနက် ကန့်ကွက်သည်ဟုလည်း ဖော်ပြထားသည်။
ယင်းအပြင် မြို နိုင်ငံရေးပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်၏ လုံခြံုရေးနှင့် ဖွ့ံဖြိုးတိုးတက်ရေးအတွက် ရခိုင်တိုင်းရင်းသားများအပါအဝင် အခြားဌာနေ တိုင်းရင်းသားမျိုးနွယ်စုဝင်များနှင့် ဆက်လက်၍ အပြုသဘော လက်တွဲဆောင်ရွက်သွားမည် ဖြစ်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။







