“မစ္စတာ နမ်ဗီးယား ကိုယ်တိုင်လည်း လူနှစ်ရာဟာ ဘင်္ဂလားဒေ့ရှ်က ဖြစ်တယ်ဆိုတာ သူတို့ ထွက်ဆိုချက်တွေအရ သိသွားတယ်။ ပိုပြီးတော့ ရှင်းသွားတာပေါ့၊ သူတို့ကိုတော့ လူ့အခွင့်ရေးနဲ့အညီ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးပြီးမှပဲ မိမိနေရပ်ကို ပြန်လွှတ်ပါမယ်” ဟု ဦးမောင်မောင်အုန်းက ပြောသည်။
မြန်မာ့ ရေပိုင်နက်အတွင်း လှေဖြင့်မျောပါလာသော ဒုက္ခသည် ၂၀၈ ဦးအနက် ရှစ်ဦးမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မှ ဖြစ်သည်ဟုလည်း ဦးမောင်မောင်အုန်းက အတည်ပြုပြောကြားခဲ့သည်။
“ဒီအထဲကမှ ရှစ်ဦးခန့်ဟာ ရခိုင်ပြည်နယ်ထဲက ဖြစ်ပါတယ်” ဟု ဆိုသည်။
လှေစီးဒုက္ခသည်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ထွက်ဆိုမှုများမှတဆင့် လူမှောင်ခိုမှု၊ လူကုန်ကူးမှုများကိုလည်း တားဆီးနိုင်မည်ဟု မောင်တောခရိုင် လူကုန်ကူးမှု တိုက်ဖျက်ရေးတာဝန်ခံ ရဲအုပ် စံလင်းက ဆိုသည်။
“သူတို့ ဘယ်လိုသွားခဲ့တယ်၊ ဘယ်သူနဲ့ ဆက်သွယ်ခဲ့တယ် ဆိုတာတွေက လူမှောင်ခိုမှုတွေ လူကုန်ကူးမှုတွေကို တားဆီးနိုင်ဖို့ အချက်အလက်တွေလည်း အများကြီးရပါတယ်” ဟု ရဲအုပ်စံလင်းက ဆိုသည်။
ထိုဒုက္ခသည်များသည် ပင်လယ်ပြင်အတွင်း ရက်ပေါင်း ခြောက်ဆယ် မျောပါခဲ့ခြင်းဖြစ်ပြီး မြန်မာ့ ရေပိုင်နက်အတွင်း
ရောက်ရှိလာခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် အစိုးရ အဖွဲ့အနေဖြင့် လှေစီးရွှေ့ပြောင်း ဒုက္ခသည်များကို ကယ်တင်နိုင်ရေးအတွက် လှေစီးဒုက္ခသည်များ အရေးပေါ်ကူညီကယ်ဆယ် စောင့်ရှောက်ရေး ကော်မတီကို ဖွဲ့စည်း ဆောင်ရွက်လျှက်ရှိသည်။







