"စစ်လို့ မှန်တယ်။ မြန်မာနိုင်ငံသားမှန်ရင် ပြန်တာဝန်ယူမယ်။ နိုင်ငံသားမှန်တဲ့ အထောက်အထားတွေ ပြနိုင်ရင် စစ်လို့ပြနိုင် ရင် ပြန်ပြီးတာဝန်ယူမယ် ပြန်ခေါ်မယ်"ဟု ဦးဇော်ဌေးက ပြောသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ရွှေ့ပြောင်းလာသူများဟု ယူဆရသည့် ထောင်နှင့်ချီသော ဒုက္ခသည်များနှင့် ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် နှင့် အမေရိကန် ဒုတိယနိုင်ငံခြားရေး ၀န်ကြီးတို့ မေ ၂၁ ရက်က ဆွေးနွေးခဲ့ကာ လှေစီးဒုက္ခသည်များ အရေးနှင့် ပတ်သက်ပြီး အချက် သုံးချက် ဆွေးနွေးခဲ့သည်။
ပထမဆုံး အနေဖြင့် မြန်မာနိုင်ငံသား ဟုတ်မဟုတ်ကို သက်သေအထောက်အထားများနှင့် မြေပြင်သတင်းအချက်အလက်များ စိစစ်၍ ဆောင်ရွက်မည်ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် မြန်မာပြည်ပိုင်နက်ထဲသို့ ရောက်ရှိလာပါက တပ်မတော်ရေနှင့် တပ်မတော်လေတို့က ထပ်မံ စိစစ်မည်ဖြစ်သည်။ တတိယ အချက်အနေဖြင့် လှေစီး ဒုက္ခသည်များနှင့် စပ်လျဉ်း၍ ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် ဒေသတွင်းနိုင်ငံများ အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်သည်ဟု ၎င်းကဆိုသည်။
"စိစစ်မှုတွေကတော့ အခုက စလုပ်နေပြီ အခြားနိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံသား ဟုတ်တယ်ဆိုရင် ပြန်ခေါ်မယ့်အချိန်ကိုတော့ အတိအကျပြောလို့မရဘူး"ဟုလည်း ဦးဇော်ဌေးကဆိုသည်။
ထောင်နှင့်ချီသော လှေစီးဒုက္ခသည်များအရေးအတွက် ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် ဒေသတွင်းနိုင်ငံများ အစည်းအဝေးတွင် "ရိုဟင်ဂျာ"ဟု သုံးနှုန်းလာပါက တက်ရောက်မည်မဟုတ်ဟု မြန်မာအစိုးရက ပြောကြားထားသည်။
ယင်းအပြင် အဆိုပါ လှေပေါ်မှ ဒုက္ခသည်များအရေးနှင့် တရားမဝင် ရွှေ့ပြောင်း လူမှောင်ခိုကိစ္စ ပြဿနာများအပေါ် ဆွေးနွေးသွားရန် မလေးရှား နိုင်ငံခြားရေးဝန်ကြီး အနီဖတ်ရှ်အမန်က မြန်မာနိုင်ငံသို့ မေ ၂၁ ရက်တွင် လာရောက်မည်ဖြစ်ကြောင်း ချန်နယ်နယူအေရှတွင် ဖော်ပြထားသည်။







