လှေစီး ဒုက္ခသည်များကို ပြန်လည် စီစစ်ပြီး မြန်မာနိုင်ငံက မှန်ပါက တာဝန်ယူမည်ဟု ကန် ဒု-နိုင်ငံခြားရေး ၀န်ကြီးကို သမ္မတပြော

လှေစီး ဒုက္ခသည်များကို ပြန်လည် စီစစ်ပြီး မြန်မာနိုင်ငံက မှန်ပါက တာဝန်ယူမည်ဟု ကန် ဒု-နိုင်ငံခြားရေး ၀န်ကြီးကို သမ္မတပြော
by -
မဇ္ဈိမ
အာရှ ပင်လယ်အတွင်း ရောက်ရှိနေသည့် လှေစီးဒုက္ခသည်များတွင် မြန်မာနိုင်ငံမှ မှန်ကန်ပါက ပြန်တာဝန်ယူမည်ဟု သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် ဒုတိယနိုင်ငံခြားရေး ၀န်ကြီး အန်တိုနီ ဘလင်ခန်တို့  တွေ့ဆုံဆွေးနွေးမှုတွင် ပြောကြားခဲ့ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မဇ္ဈိမကိုပြောသည်။

"စစ်လို့ မှန်တယ်။ မြန်မာနိုင်ငံသားမှန်ရင် ပြန်တာဝန်ယူမယ်။ နိုင်ငံသားမှန်တဲ့ အထောက်အထားတွေ ပြနိုင်ရင် စစ်လို့ပြနိုင် ရင် ပြန်ပြီးတာဝန်ယူမယ် ပြန်ခေါ်မယ်"ဟု  ဦးဇော်ဌေးက ပြောသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ရွှေ့ပြောင်းလာသူများဟု ယူဆရသည့် ထောင်နှင့်ချီသော ဒုက္ခသည်များနှင့် ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် နှင့် အမေရိကန် ဒုတိယနိုင်ငံခြားရေး ၀န်ကြီးတို့ မေ ၂၁ ရက်က ဆွေးနွေးခဲ့ကာ လှေစီးဒုက္ခသည်များ အရေးနှင့် ပတ်သက်ပြီး အချက် သုံးချက် ဆွေးနွေးခဲ့သည်။

ပထမဆုံး အနေဖြင့် မြန်မာနိုင်ငံသား ဟုတ်မဟုတ်ကို သက်သေအထောက်အထားများနှင့် မြေပြင်သတင်းအချက်အလက်များ စိစစ်၍  ဆောင်ရွက်မည်ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် မြန်မာပြည်ပိုင်နက်ထဲသို့ ရောက်ရှိလာပါက တပ်မတော်ရေနှင့် တပ်မတော်လေတို့က ထပ်မံ စိစစ်မည်ဖြစ်သည်။ တတိယ အချက်အနေဖြင့် လှေစီး ဒုက္ခသည်များနှင့် စပ်လျဉ်း၍ ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် ဒေသတွင်းနိုင်ငံများ အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်သည်ဟု ၎င်းကဆိုသည်။

"စိစစ်မှုတွေကတော့ အခုက စလုပ်နေပြီ အခြားနိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံသား ဟုတ်တယ်ဆိုရင် ပြန်ခေါ်မယ့်အချိန်ကိုတော့ အတိအကျပြောလို့မရဘူး"ဟုလည်း ဦးဇော်ဌေးကဆိုသည်။

ထောင်နှင့်ချီသော လှေစီးဒုက္ခသည်များအရေးအတွက် ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် ဒေသတွင်းနိုင်ငံများ အစည်းအဝေးတွင် "ရိုဟင်ဂျာ"ဟု သုံးနှုန်းလာပါက တက်ရောက်မည်မဟုတ်ဟု မြန်မာအစိုးရက ပြောကြားထားသည်။

ယင်းအပြင် အဆိုပါ လှေပေါ်မှ ဒုက္ခသည်များအရေးနှင့် တရားမဝင် ရွှေ့ပြောင်း လူမှောင်ခိုကိစ္စ ပြဿနာများအပေါ် ဆွေးနွေးသွားရန် မလေးရှား နိုင်ငံခြားရေးဝန်ကြီး အနီဖတ်ရှ်အမန်က မြန်မာနိုင်ငံသို့ မေ ၂၁ ရက်တွင် လာရောက်မည်ဖြစ်ကြောင်း ချန်နယ်နယူအေရှတွင် ဖော်ပြထားသည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...