စစ်ဘေးရှောင် ဒေသခံ ၂၃၄ ဦးကို လောက်ကိုင်သို့ ပြန်ပို့

စစ်ဘေးရှောင် ဒေသခံ ၂၃၄ ဦးကို လောက်ကိုင်သို့ ပြန်ပို့
by -
မဇ္ဈိမ
အစိုးရတပ်မတော်နှင့် မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) တို့ကြား တိုက်ပွဲဖြစ်ပွားနေသည့် လောက်ကိုင်ဒေသသည် နယ်မြေအေးချမ်းနေပြီဖြစ်သဖြင့် လောက်ကိုင်ဒေသခံ ၂၄၃ ဦးကို လောက်ကိုင်သို့ ဧပြီ  ၂၁ ရက် ညနေက အပြီးသတ် ပို့ဆောင်ပေးပြီး ဖြစ်သည်ဟု  လားရှိုးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးစိုင်းထွန်းနေလှိုင်က မဇ္ဈိမကိုပြောသည်။

အိမ်ထောင်စု ရ၄ စုမှ လောက်ကိုင်ဒေသခံ ၂၄၃ ဦးကို ကားငါးစီးဖြင့် ဧပြီ ၂၁ ရက်က ပြန်လည်ပို့ဆောင် ပေးခဲ့ခြင်းဖြစ်သည်။

ဦးစိုင်းထွန်းနေလှိုင်က “အခု အဲ့ဒီဒေသက အေးချမ်းသွားပါပြီ။ အဲ့တာကြောင့် ဒေသခံတွေကို ပြန်လည်ပို့ဆောင် ပေးခဲ့တာပါ။ တစ်ချို့ကတော့ သုံးဘီးကား ကိုယ်ပိုင်ကားတွေနဲ့ ပြန်သွားကြပါတယ်။ အိမ်တစ်ချို့က အဖောက်ခံထားရတယ်တော့ ကြားတယ်။ အလယ်ပိုင်းဒေသကနေ လောက်ကိုင်ကို အလုပ်လုပ်တဲ့သူတွေကတော့ စစ်ဖြစ်တော့ ပြန်သွားကြပြီး အခုလောက်ကိုင်ကို  ပြန်တက်သွားတာတော့မရှိသေးပါဘူး”ဟုပြောသည်။

လာရှိုးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးဝေလင်းကလည်း လောက်ကိုင်ဒေသတွင် နယ်မြေအေးချမ်းမှု ပြန်လည်ရရှိနေပြီး အစိုးရဝန်ထမ်းများ စေလွှတ်ရန် စီစဉ်နေသည်ဟု ဆိုသည်။

ဦးဝေလင်းက “အစိုးရဝန်ထမ်းတွေ စေလွှတ်မယ့် ရက်အတိအကျတော့ အထက်က မပြောသေးဘူး။ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကိုတော့ လူကယ်ပြန်က လုပ်နေပါပြီ။”ဟုဆိုသည်။

လောက်ကိုင်ဒေသသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည့် စစ်ဘေးရှောင် လောက်ကိုင်ဒေသခံ မိသားစု ရ၄ စုကို မန်ဆူ ဘုန်းတော်ကြီးကျောင်းတွင် လက်ခံထားရှိခဲ့ခြင်းဖြစ်ပြီး လောက်ကိုင်မြို့သို့ မန်ဆူဘုန်တော်ကြီးကျောင်းမှတစ်ဆင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

မန်ဆူဘုန်းကြီးကျောင်း ဂေါပက အဖွဲ့ဝင် အထွေထွေအတွင်းရေးမှူး (၃) ဦးစိုင်းဆီးက “မနေ့က လောက်ကိုင် ဒေသခံတွေကို အကုန်ပြန်ပို့ပြီးသွားပြီ။  ဒေသခံဆိုတာက လောက်ကိုင်မှာနေတာ ၅ နှစ် ဆယ်နှစ်ကြာတဲ့ သူတွေလည်း ပါတာပေါ့။ တစ်ယောက်မှ မကျန်တော့ဘူး”ဟုပြောသည်။

မန်ဆူဘုန်းတော်ကြီးကျောင်းတွင် လက်ခံထားရှိသည့်  နေရပ်ပြန်စစ်ဘေးရှောင် ဒုက္ခသည်  ၂၄၀၀၀ ကိုလည်း မန်ဆူဘုန်းတော်ကြီးကျောင်း၏ အစီအစဉ်ဖြင့် ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်ဟုလည်း ဦးစိုင်းဆီးကဆိုသည်။

လောက်ကိုင်ဒေသတွင်း ဖေဖော်ဝါရီလ ၉ ရက်က စတင်၍  ဦးဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)နှင့် အစိုးရ တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...