အိမ်ထောင်စု ရ၄ စုမှ လောက်ကိုင်ဒေသခံ ၂၄၃ ဦးကို ကားငါးစီးဖြင့် ဧပြီ ၂၁ ရက်က ပြန်လည်ပို့ဆောင် ပေးခဲ့ခြင်းဖြစ်သည်။
ဦးစိုင်းထွန်းနေလှိုင်က “အခု အဲ့ဒီဒေသက အေးချမ်းသွားပါပြီ။ အဲ့တာကြောင့် ဒေသခံတွေကို ပြန်လည်ပို့ဆောင် ပေးခဲ့တာပါ။ တစ်ချို့ကတော့ သုံးဘီးကား ကိုယ်ပိုင်ကားတွေနဲ့ ပြန်သွားကြပါတယ်။ အိမ်တစ်ချို့က အဖောက်ခံထားရတယ်တော့ ကြားတယ်။ အလယ်ပိုင်းဒေသကနေ လောက်ကိုင်ကို အလုပ်လုပ်တဲ့သူတွေကတော့ စစ်ဖြစ်တော့ ပြန်သွားကြပြီး အခုလောက်ကိုင်ကို ပြန်တက်သွားတာတော့မရှိသေးပါဘူး”ဟုပြောသည်။
လာရှိုးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးဝေလင်းကလည်း လောက်ကိုင်ဒေသတွင် နယ်မြေအေးချမ်းမှု ပြန်လည်ရရှိနေပြီး အစိုးရဝန်ထမ်းများ စေလွှတ်ရန် စီစဉ်နေသည်ဟု ဆိုသည်။
ဦးဝေလင်းက “အစိုးရဝန်ထမ်းတွေ စေလွှတ်မယ့် ရက်အတိအကျတော့ အထက်က မပြောသေးဘူး။ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကိုတော့ လူကယ်ပြန်က လုပ်နေပါပြီ။”ဟုဆိုသည်။
လောက်ကိုင်ဒေသသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည့် စစ်ဘေးရှောင် လောက်ကိုင်ဒေသခံ မိသားစု ရ၄ စုကို မန်ဆူ ဘုန်းတော်ကြီးကျောင်းတွင် လက်ခံထားရှိခဲ့ခြင်းဖြစ်ပြီး လောက်ကိုင်မြို့သို့ မန်ဆူဘုန်တော်ကြီးကျောင်းမှတစ်ဆင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
မန်ဆူဘုန်းကြီးကျောင်း ဂေါပက အဖွဲ့ဝင် အထွေထွေအတွင်းရေးမှူး (၃) ဦးစိုင်းဆီးက “မနေ့က လောက်ကိုင် ဒေသခံတွေကို အကုန်ပြန်ပို့ပြီးသွားပြီ။ ဒေသခံဆိုတာက လောက်ကိုင်မှာနေတာ ၅ နှစ် ဆယ်နှစ်ကြာတဲ့ သူတွေလည်း ပါတာပေါ့။ တစ်ယောက်မှ မကျန်တော့ဘူး”ဟုပြောသည်။
မန်ဆူဘုန်းတော်ကြီးကျောင်းတွင် လက်ခံထားရှိသည့် နေရပ်ပြန်စစ်ဘေးရှောင် ဒုက္ခသည် ၂၄၀၀၀ ကိုလည်း မန်ဆူဘုန်းတော်ကြီးကျောင်း၏ အစီအစဉ်ဖြင့် ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်ဟုလည်း ဦးစိုင်းဆီးကဆိုသည်။
လောက်ကိုင်ဒေသတွင်း ဖေဖော်ဝါရီလ ၉ ရက်က စတင်၍ ဦးဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)နှင့် အစိုးရ တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။







