လင်းခေးမြို့အဝင်ဆိုင်းဘုတ်ကြီးအား သျှမ်းဘာသာဖြင့်ရေးသားကာ ၂၀၁၅ ဒီဇင်ဘာက ဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်း ၊ မြို့ခံအာဏာပိုင်များ ၊ ဒေသခံများပံ့ပိုး မှုဖြင့် လင်းခေးမြို့ ဆရာ တော်သံဃာတော်ကြီးများက ကမကထပြု တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ဆိုင်းဘုတ် ပတ်လည် အုတ်ရိုးများမှာ မခိုင်မာသောကြောင့် ထိခိုက်ပွန်းပဲ့ ကျိုးကျ ခြင်းသာဖြစ် ကြောင်း ဒေသခံ နန်းနွံက ပြောသည် ။
“ ဘယ်သူမှ လာဖျက်တာမဟုတ်ပါဘူး။ မြို့အဝင်လမ်းဘေးနားဆိုတော့ ကလေးတွေ သွားဆော့တာ ။ ဓါတ်ပုံရိုက်တဲ့သူ စည်းမရှိ ကမ်းမရှိ တာတွေကြောင့် ။ နောက်စည်းရိုးခုံ လေးကလဲ ဆောက်ထားတာ အရည် အသွေး မပြည့်မှီတာလဲပါတယ် ။ ဧည့်သည်တွေ ကျနော် ဓါတ်ပုံရိုက်ဖို့ကျနော် လိုက်ပို့ပေးတာ ခြေတိုက်မိလို့ အုပ်လေးတချပ်တောင်ကြွေ ကျသေးတယ် ။ ကျနော့်ရှေ့မှာဘဲ ” – ဟု ရပ်ဖ စိုင်းမောဝ်ဆွေပီ ကပြောပါသည် ။
တာချီလိတ်မြို့ ဆိုင်းဘုတ်သစ်ဖျက်ဆီးခံရသည့်နောက်ပိုင်း လင်းခေးမြို့ ဖျက်ဆီး ခံရသည်ဆိုသည့် ကောလာဟလ သတင်းများ ထွက်ရှိလာမှုကြောင့် သျှမ်းဘာသာ ကိုချစ်မြတ်နိုးသည့် ပုဂ္ဂိုလ်များက စိုးရွံ့နေကြသည် ။
အစိုးရ၏ ရက် ၁၀၀ စီမံချက်ပါ မြို့အဝင်အထွက် ဆိုင်းဘုတ်များအား မိခင် ဘာသာ သျှမ်းစာပေဖြင့် ရေးသားနိုင်ကြောင်း သျှမ်းပြည်နယ်၏ စည်ပင် သာ ယာရေး ဝန်ကြီးက ခွင့်ပြုလိုက်ပြီးနောက်ပိုင်း တပတ်မကြာမှီ ပြန်လည် ဖျက်ခိုင်းပြီး ဆိုင်းဘုတ်သစ် ထူထောင်မှုလည်း ရပ်နားထားခိုင်းလိုက်သည် ။ ထိုနောက်ပိုင်း ဂျွန်လ ၁၈ ရက်က အဝတ်ဖြင့်ပိတ်ဖုံးထားသော တာချီလိတ်မြို့၏ မြို့အဝင်ဆိုင်းဘုတ် လက်သည်မသိဘဲ မီးရှို့ဖျက်ဆီး ခံရသည် ။







