ဒေါနအရှေ့ခြမ်းကို မြဝတီမြို့နယ်အဖြစ် KNU အသစ်ထပ်မံဖွဲ့စည်း

ဒေါနအရှေ့ခြမ်းကို မြဝတီမြို့နယ်အဖြစ် KNU အသစ်ထပ်မံဖွဲ့စည်း
Photo: KNU
Photo: KNU

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်ရှိ ဒေါနတောင်တန်း အရှေ့ဘက်ခြမ်း ဒေသများကို စုစည်း၍ "မြဝတီ (ရာမတီး) မြို့နယ်" အဖြစ် မတ်လ (၂၈) ရက်နေ့တွင် အသစ်ထပ်မံဖွဲ့စည်းလိုက်ပြီး မြို့နယ်ဥက္ကဋ္ဌအဖြစ် ပဒိုစောဖထယားနှင့် ဒုဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီး စောကိုကို(ခေါ်) စောဒါဘောတို့ကို ရွေးကောက်တင်မြှောက်လိုက်ကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။

အသစ်ဖွဲ့စည်းလိုက်သော မြဝတီမြို့နယ်တွင် ဒေါနအရှေ့ဘက်ခြမ်းရှိ နို့ဖိုးအုပ်စု၊ မြဝတီမြို့မအုပ်စု၊ ဖလူးအုပ်စု၊ သေ့ဘောဘိုးအုပ်စု၊ ဆုံဆည်းမြိုင်အုပ်စု၊ မောခီးအုပ်စုနှင့် စုကလိကျေးရွာအုပ်စုတို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါမြို့နယ်၏ ပထမဦးဆုံးအကြိမ် ကွန်ဂရက် (ညီလာခံ) ကို မတ်လ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပခဲ့ပြီး မြို့နယ်အလုပ်အမှုဆောင်ကော်မတီဝင်များကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

အဆိုပါ ကွန်ဂရက်တွင် ကိုယ်စားလှယ်ပေါင်း (၁၅၉) ဦး တက်ရောက်ခဲ့ပြီး အမြဲတမ်းကော်မတီဝင် (၃၁) ဦးကို ဦးစွာရွေးချယ်ခဲ့သည်။

ထို့နောက် မြို့နယ်ဥက္ကဋ္ဌအဖြစ် ပဒိုစောဖထယား၊ ဒုဥက္ကဋ္ဌအဖြစ် ဒုဗိုလ်မှူး ကြီး စောကိုကို (ခေါ်) စောဒါဘော၊ အတွင်းရေးမှူး ပဒိုစောဟဲခု၊ တွဲဖက်အတွင်းရေးမှူး ပဒိုနော်အဲ့ထူးစေးနှင့် တရားသူကြီးအဖြစ် ပဒိုစောအဲ့ကော်သောတို့ကို အတည်ပြု ရွေးကောက်တင်မြှောက်ခဲ့သည်။

ထို့အပြင် ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန၊ ပညာရေးနှင့် ယဉ်ကျေးမှုဌာန၊ လယ်ယာစိုက်ပျိုးရေးဌာန၊ သစ်တောဌာန၊ အခွန်နှင့် ဘဏ္ဍာရေးဌာန၊ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနနှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) စသည့် ဌာနဆိုင်ရာ (၈) ခုမှ ဌာနမှူးများကိုလည်း ခန့်အပ်ခဲ့သည်။ တရားစီရင်ရေးကော်မတီနှင့် နိုင်ငံရေးနှင့် စည်းရုံးရေး ကော်မတီတို့ကိုလည်း စနစ်တကျ ဖွဲ့စည်းတာဝန်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံရေးနှင့် စည်းရုံးရေးကော်မတီအောက်တွင် နိုင်ငံရေး၊ ပညာရေး၊ သုတေသန၊ မှတ်တမ်းမော်ကွန်း၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး စသည့် လုပ်ငန်းကော်မတီ (၈) ခုအပြင် ကရင်အမျိုးသမီးအစည်းအရုံး (KWO)၊ ကရင်လူငယ်အစည်းအရုံး( KYO) နှင့် ကော်သူးလေ အလုပ်သမားအဖွဲ့ချုပ် (FTUK) တို့၏ ဥက္ကဋ္ဌများကိုလည်း အသီးသီးတာဝန်ပေးအပ်ခဲ့သည်။

မြဝတီဒေသသည် တိုက်ပွဲများပြင်းထန်နေသည့် နယ်မြေဖြစ်သဖြင့် ကေအဲန်ယူ၏ အုပ်ချုပ်ရေးယန္တရား ပိုမိုကျယ်ပြန့်လာစေရန်နှင့် ဒေသခံပြည်သူများကို ဝန်ဆောင်မှုများ တိုက်ရိုက်ပေးနိုင်ရန်အတွက် ယခုကဲ့သို့ မြို့နယ်သစ်အဖြစ် တိုးချဲ့ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ကေအဲန်ယူက ဆိုသည်။

ယခင်က ဒူးပလာယာခရိုင်တွင် ဝင်းရေး၊ နို့တကော၊ ကျုံဒိုးနှင့် ကော့ကရိတ် ဟူ၍ မြို့နယ် (၄) ခုသာရှိရာမှ ယခု မြဝတီ (ရာမတီ) မြို့နယ်သစ်ကို ထပ်မံတိုးချဲ့လိုက်သဖြင့် စုစုပေါင်း မြို့နယ် (၅) ခု ရှိလာပြီ ဖြစ်သည်။

ပထမဦးဆုံးအကြိမ် ကျင်းပသည့် မြဝတီ(ရာမတီး) မြို့နယ်ကွန်ဂရက်တွင် သက်ဆိုင်ရာ ဒူးပလာယာခရိုင်တာဝန်ရှိသူများက ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

Most read this week

March 28, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် ဖလူးလေးကျေးရွာ အပြင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (...
March 27, 2026
နမ့်ဆန်းထီ — ကားလမ်းမကြီးနဲ့အတန်ငယ်လှမ်းပြီး မြို့ပြဆူညံသံတွေနဲ့ဝေးတဲ့ လယ်ကွင်းတွေ၊...
Photo: KIC
March 27, 2026
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) က စီစဉ်ဖွင့်လှစ်ထားသည့် ကျောက်ခတ်အဆင့်မြင့်ပညာရေးကျောင်း...
March 26, 2026
အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM တွင် ပါဝင်ခဲ့သဖြင့် အမည်ပျက်စာရင်း(Blacklist) သွင်းခံရသူ...