အိန္ဒိယက လောင်စာဆီတင်သွင်းမှုကန့်သတ်လိုက်၍ ရခိုင်အတွက် စိုးရိမ်စရာ ဖြစ်လာ

အိန္ဒိယက လောင်စာဆီတင်သွင်းမှုကန့်သတ်လိုက်၍ ရခိုင်အတွက် စိုးရိမ်စရာ ဖြစ်လာ
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို ကန့်သတ်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ရခိုင်နယ်စပ်ကုန်သည်များထံမှ သိရသည်။

မီဇိုရမ်ပြည်နယ်အတွင်းရှိ လောင်တလိုင်၊ ဆိုင်းဟာနှင့် လွန်းလေ ခရိုင်အုပ်ချုပ်ရေးမှူးများက မတ်လ တတိယပတ်အတွင်း အရေးပေါ် ထုတ်ပြန်ချက်များ ထုတ်ပြန်ကာ နယ်စပ်ဖြတ်ကျော် ဆီတင်သွင်းမှုကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

အရှေ့အလယ်ပိုင်း စစ်ပွဲများကြောင့် ဖြစ်ပေါ်လာနိုင်သည့် လောင်စာဆီ ရှားပါးမှုကို ကြိုတင်ကာကွယ်ရန်နှင့် မီဇိုရမ်ပြည်နယ်အတွင်း ဆီဈေးနှုန်း တည်ငြိမ်စေရန်အတွက်ဟု ဆိုထားသည်။

“ဆီက အခု လောင်တလိုင်ဘက်မှာ ဝယ်လို့ မရတော့ဘူး။ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေက ရှားတာကြောင့် လုံးဝ ရှာမရတော့ဘူး။ လုံနီဘက်က သွားဝယ်ရမယ်။ ပွဲစားကနေ တဆင့် ဝယ်ယူရတယ်။ ဂိတ်ဖြတ်ဖို့အတွက်တော့ ဂိတ်ဖြတ်ခွင့် စာရွက်စာတမ်းတွေကို ယူပြီး သွားရတယ်” ဟု အိုင်ဇောမြို့ရောက် ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။

အိန္ဒိယဘက်မှ လောင်စာဆီ ဖြန့်ဖြူးရောင်းချခြင်းကို ထိန်းချုပ်ကန့်သတ်မှုနှင့်အတူ ဆီဝယ်ယူရ ခက်ခဲလာသည့်အပြင် သယ်ယူပို့ဆောင်ရေး စရိတ်များလည်း ကြီးမြင့်လာသဖြင့် အခက်အခဲများဖြစ် ရှိနေကြောင်း ကုန်သည်များက ဆိုကြသည်။

လက်ရှိ အိန္ဒိယနယ်စပ်မှ ရခိုင်ပြည်အတွင်းသို့ လောင်စာဆီ စီးဆင်းမှုများ ရှိနေသေးပြီး သယ်ယူ စရိတ်ကြီးမြင့်မှုနှင့်အတူ ဒေသတွင်း စက်သုံးဆီဈေးနှုန်းများလည်း တဖြည်းဖြည်းမြင့်တက်လာ နေသည်။

“အရင်တုန်းကဆို ဂိတ်ဖြတ်ရင်လည်း ကားတစ်စီးကို နှစ်ထောင်(ရူပီ) ပေးရတယ်။ အခုက ကားတစ်စီးကို တစ်သောင်း(ရူပီ) ပေးရတယ်။ ဆီကိုလည်း ကိုယ်တိုင် ဝယ်လို့ မရတော့ဘူး။ တဆင့်ခံ ဝယ်ပေးတဲ့သူရဲ့ နာမည်နဲ့ ဝယ်ရတယ်။ လမ်းမှာ တစ်ခုခုဆိုရင်လည်း သူတို့ ဖြေရှင်းပေးလို့ ရအောင်လို့လေ။ အရင်တုန်းနဲ့စာရင် ဂိတ်ဖြတ်ရတာ တော်တော်ခဲယမ်းတယ်” ဟု ရခိုင်ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ရခိုင်ဒေသအတွင်းမှာ စက်သုံးဆီ အောက်တိန်း (92) တစ်လီတာလျှင် ငွေကျပ် ၉,၀၀၀ ကနေ ၁၀,၀၀၀ နှင့် အိန္ဒိယ ဆီတစ်လီတာလျှင် ငွေကျပ် ၈,၀၀၀ ထိ ပေါက်ဈေးရှိနေသည်။

အိန္ဒိယနယ်စပ်မှဘက် လောင်စာဆီတင်သွင်းမှုကို ကန့်သတ်လိုက်ခြင်းကြောင့် ရခိုင်ဒေသအတွင်း လောင်စာဆီပြတ်လပ်မှုနှင့်အတူ ဈေးနှုန်း အဆမတန် မြင့်တက်လာမည့်အရေးကို ဒေသခံများက စိုးရိမ်နေကြသည်။

“ခရီးသွားလာမှုနဲ့ပတ်သက်ပြီးတော့ ဈေးတွေ အဆမတန် မြင့်လာမယ် ထင်တယ်။ ခရီးစရိတ်တွေက အရင်တုန်းက သုံးသောင်းဆိုရင် အခုက ငါးသောင်း လောက် ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ခရီးသွားလာပြီး အလုပ်လုပ်တဲ့သူတွေအနေနဲ့ အဆင်မပြေဘူး။ စရိတ်စခတွေ ပိုကြီးလာရင် ကုန်ဈေးနှုန်းတွေလည်း အခုထက် အဆမတန် ပိုတက်လာနိုင်ခြေရှိတယ်” ဟု မြေပုံဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ဖြတ်တောက်ပိတ်ဆို့မှုဒဏ်ခံနေရသော ရခိုင်ဒေသအတွက် အဓိက အားထားနေရသည့် အိန္ဒိယနယ်စပ် ကုန်သွယ်မှုလမ်းကြောင်းကနေ လောင်စာဆီ ဝယ်ယူတင်သွင်းခွင့် ကန့်သတ်မှုများက ဒေသတွင်း စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်သည်။

လောင်စာဆီ ရှားပါးလာပါက ကုန်စည်ပို့ဆောင်ရေး ကုန်ကျစရိတ်များ မြင့်တက်လာပြီး အခြေခံစားသောက်ကုန် ဈေးနှုန်းများအပေါ် တိုက်ရိုက် ရိုက်ခတ်မှု ရှိလာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။

May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...
၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...
ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...