အစိုးရအဖွဲ့သစ်တွင် ဝန်ကြီးတစ်နေရာသေချာဟု ဦးအောင်မင်းပြောဆို

အစိုးရအဖွဲ့သစ်တွင် ဝန်ကြီးတစ်နေရာသေချာဟု ဦးအောင်မင်းပြောဆို
by -
ကန္တာရဝတီတိုင်း(မ်)
ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဦးဆောင်သူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ရွေးကောက်ပွဲအပြီး အသစ်တက်လာမည့်အစိုးရအဖွဲ့တွင် ဝန်ကြီးတစ်နေရာပြန်ရရှိထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ခံ ခူညေးရယ်က ပြောသည်။

ဦးအောင်မင်းသည် ရှားတောမြို့သို့ သွားရောက်ခဲ့စဉ်တွင် မိမိသည် ယခုကဲ့သို့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းသည် နိုင်ငံရေးသိက္ခာ မကျစေလိုသည့်အတွက်ဖြစ်ကြောင်း မည်သို့ပင် ဖြစ်စေ ဝန်ကြီးတစ်နေရာတွင် ရရှိထားပြီဖြစ်ကြောင်းကို ရှားတောဆက်ဆံရေးရုံးတွင် KNPP အ ဖွဲ့ခေါင်းဆောင်များနှင့် ပြောဆိုဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ခူညေးရယ်က “ဘာကြောင့် ကယားကို လာပြိုင်ရတာလဲလို့ ကျနော်တို့ သူ့ကို မေးကြည့်တော့ သူကနေပြီး ကျနော်က ခင်ဗျားတို့နဲ့လည်း ငြိမ်းချမ်းရေးဆက်ဆွေးနွေးရအုံးမှာဘဲ ဘာဘဲဖြစ်ဖြစ် ကျနော်က ဝန်ကြီးတစ်နေရာတော့ ပြန်ဖြစ်လာမှာပဲပေါ့။ ရွေးကောက်ပွဲ မဝင်ဘဲ ဝန်ကြီးဖြစ်လာရင် မကောင်းဘူးပေါ့။ အဲလိုပြောတာပဲ။”ဟု ပြောသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တွင် လွိုင်ကော်မြို့ ရဟန်းဖြစ်သင်ကျောင်း၌ ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ခူညေးရယ်က ပြောဆိုသွားခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးတစ်ဦးအနေဖြင့် ကယားပြည်နယ်သို့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်း၏ ရည်ရွယ်ချက်ကို KNPP မှ မေးမြန်ပြောဆိုခဲ့ရာမှ ဦးအောင်မင်းက ထိုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စက်တင်ဘာလ ပထမအပတ်တွင် ရှားတောမြို့သို့ ဦးအောင်မင်း သွားရောက်ခဲ့ချိန်တွင် KNPP နှင့် ဒေသဖွံ့ဖြိုးရေးကိစ္စ သာ ဆွေးနွေးခဲ့သည်ဟု MPC မှ အမှုဆောင်ညွန်ကြားရေးမှူးဖြစ်သည့် ဆရာကျော်စိုးလှိုင်က ယခုလို ပြောသည်။

“ရှေ့မှာ ဆွေးနွေးထားခဲ့တဲ့ ဟာလေးတွေကို လိုက်ပြီးတော့မှ follow up လုပ်တဲ့ သဘောပါ။ အဲတော့ ဟိုတကယ့် ဒီနောင်တစ်ချိန် အပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်ကြီးလက်မှတ်ကြီးရေးထိုးပြီးပြီ။ အရှေ့ကို မြင်ပြီးတော့မှ ဒီသေဒဖွံ့ဖြိုးရေးလုပ်မယ်ဆို ဘာတွေလုပ်လို့ ရမလဲဆိုတာကို ကျွန်တော်တို့ ပြင်ဆင်တဲ့ သဘောပါ”ဟု ပြောသည်။

ရှားတောခရီးစဉ်တွင် ဦးအောင်မင်းက လူငယ်များ ဘောလုံးအသင်းရံပုံငွေများကို ပေးအပ်ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် လအပိုင်းတွင်လည်း ဦးအောင်မင်းက ဒေသခံများကို ဆန်များပေးဝေခဲ့သည်ဟု သိရသည်။

လာမည့် ရွေးကောက်ပွဲတွင် ရှာတောမဲဆန္ဒနယ်၌ အမျိုးသားလွှတ်တော်အဖြစ် ဦးအောင်မင်းက ဝင်ပြိုင်မှာ ဖြစ်သည့်အတွက် ရှားတောဒေသခံသို့ ယခုနောက်ပိုင်းတွင် မကြာခဏဆိုသလို ခရီးစဉ်များ ရှိလာသည်ဟု သိရသည်။

Most read this week

December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...
December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...