ဇူလိုင် ၁ရက် ညနေပိုင်းတွင် ထိုင်းသို့ အလိမ်ခေါ်သွားခံရသည့် ၁၃ နှစ် အရွယ် ပအိုဝ်းအမျိုးသားကလေးကို ကေအန်ပီပီ ဆက်ဆံရေးရုံးမှ နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ရသည်။
“ဘယ်လိုပဲဖြစ်ဖြစ် သူ့ဆန္ဒရှိသည် မရှိသည် သူ့မိဘသိသည် မသိသည် တကယ်လို့ မသိဘူး၊ လိမ်လည်ဖျားယောင်းသွေးဆောင် အလုပ်ခိုင်းတယ်ဆိုရင်တော့ ကလေး ကလည်း မသက်မပြည့်သေးတော့ ဟိုရောက်တဲ့အချိန်မှာ သူက အလုပ်လုပ်ရမယ့် အရွယ်မဟုတ်ခါကျတော့ ခေါ်ဆောင်သွားတဲ့လူက အလုပ်သွားလုပ်ခိုုင်းတယ်ဆို ဒါလူကုန်ကူးမှု တစ်မျိုးဖြစ်တယ်” ဟု ကေအန်ပီပီ လွိုင်ကော်ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ် က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
လူကုန်ကူးခံရသော ကလေးသည် တောင်ကြီးမြို့က နိုင်လာရွာမှ ဖြစ်ပြီး ဒေါ်မြကြည် ဆိုသူက အလုပ်ကောင်းရမည်ဟုဆို ကာ တောင်ကြီးမှတဆင့် လွိုင်ကော်မြို့ ဘီပီ ၉ လမ်းဖက်မှ ထိုင်းဘက်သို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
“ကျနော် ရွာမှာနေကတည်းက သူက လှည့်ပြီးလိမ်ပြောတာပေါ့၊ အလုပ်တွေ အများကြီး ရှိတယ်၊ ကားတွေရောပဲ ကလေးတွေကို ခေါ်မခိုင်းဘူးတဲ့” ဟု လူကုန်ကူးခံရသည့် ကလေးက ပြောသည်။
ထိုင်းနိုင်ငံတွင် ဒေါ်မြကြည်အိမ်တွင် နေပြီး အလုပ်လုပ်ရကြောင်း ခိုင်းတာ မလုပ်ပါက ရိုက်နှက်ခိုင်းစေခံရကြောင်း သူက ပြောသည်။
ထိုင်း မာကာဆွန်းရွာတွင် ၂ လ နီးပါးနှင့် ဘန်ကောက်တွင် ၈ ရက်ခန့် နေရပြီး ဒေါ်မြကြည်က အဝေးပြေး ကားဂိတ်သို့ ပို့ဆောင်ခဲ့ခြင်းကြောင့် နယ်စပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
လမ်းစရိတ်အတွက် ကလေးမှာ ၆ သိန်းကျပ်နှင့် အတူ အလုပ်လုပ်နေသည့် အဘွား အတွက် ၁ သိန်းကျပ်ကို အလုပ်မလုပ်နိုင်ပါ က ငွေပြန်အမ်းရန် ပြောဆိုထားသည်ဟု ဆိုသည်။
ယခင်နှစ်က အမျိုးသမီးငယ်များကို ဘီပီ ၉ လမ်းမှတဆင့် အလုပ်ရှာပေးမည်ဟု ခေါ်သွားသည့် အမျိုးသား တစ်ဦးကိုလည်း ကေအန်ပီပီက ဖမ်းဆီးရမိခဲ့သည်။







