ဆိုလျားကူးရွာမှ ကိုတူရယ်က “ကျတော်တို့တင်ပြထားတာက ဧက ၆၀၀ လောက်ပြန်ရရမယ်လို့ တင်ပြထားတယ်။ ခုပြန်ရတာက ကျတော်တို့မျော်လင့်ထားတာထက် ထက်ဝက်လောက်ဘဲရှိတယ်” ဟု ပြောသည်။
ဧပြီ ၃၀ ရက်တွင် စိုက်ခင်း ဧက ၆၀၀ ကျော်အား စိုက်ပျိုးခွင့်ရရန် တောင်သူများက ပြည်နယ် အစိုးရအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးရုံးတို့တွင် တင်ပြတောင်းဆိုထားခဲ့ခြင်းဖြစ်သည်။
တပ်သိမ်းမြေက ၁၂၈၉ ဧကရှိပြီး တောင်သူများ၏ တောင်ယာအဖြစ် ပြန်လည်ရရှိရေးကို ဧက ၆၀၀ ပြန်တောင်းဆိုထားကြရာ ဧက ၄၉၅ ပြန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ရွေးကောက်ပွဲကြိုတင်ပြင်ဆင်သည့်ကာလတွင် စစ်တပ်မှ တောင်ယာမြေ စွန့်လွတ်ခြင်းသည် နာမည်ကောင်းလိုခြင်သည့်အတွက်ကြောင့်လည်းပါနိုင်သည်ဟု ကရင်နီပြည်တောင်သူများသမဂ္ဂ ဥက္ကဌ ကိုသဲရယ်က ပြောသည်။
ပြည်နယ်ဝန်ကြီးချုပ်ကလည်း စိုက်ပျိုးချိန် အချိန်မှီ စိုက်ပျိုးနိုင်ရန် အာမခံလက်မှတ်ရေးထိုးပေးမည်ဖြစ်ကြောင်းကိုလည်း ဇွန်လ ၄ ရက်နေ့တွင် ရွာသားများနှင့် အစိုးရရုံးတွင် တွေ့ဆုံစဉ် ပြောဆိုသွားခဲ့သည်ဟု သိရသည်။
၁၉၉၆ ခုနှစ်တွင် အမှတ် ၅၃၁ တပ်ရင်းမှ ဆိုလျားကူးတောင်သူများ၏ မြေယာများကို သိမ်းထားခဲ့ခြင်းဖြစ်ပြီး တောင်သူများ တောင် ယာမြေပြန်လည်ရရှိရေးကို ၂၀၁၄ ခုနှစ် မေလတွင် ထွန်တုံးတိုက်ပွဲများ စတင်ဆင်နွဲခဲ့ကြသည်။
ထို့နောက် စစ်တပ်မှ ပိုင်နက်ကျူးကျော်မှုဖြင့် တောင်သူများကို တရားစွဲဆိုအမှုဖွင့် စီရင်ချက်ချမှတ်ခဲ့သည့် ဖြစ်ရပ်ဖြစ်ပေါ် ခဲ့ပြီးနောက် တောင်သူများ မြေယာပြန်လည်ရရှိရေး ဆက်လက်တောင်းဆိုခဲ့ရာ ယခုကဲ့သို့ ပြန်လည်ပေးအပ်နိုင်ခဲ့ခြင်း ဖြစ်သည်။







