ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး တစ်မျိုးသားလုံးပါဝင်ဆောင်ရွက်သင့် KNPP ပြောကြား

ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး တစ်မျိုးသားလုံးပါဝင်ဆောင်ရွက်သင့် KNPP ပြောကြား
by -
ကန္တာရဝတီတိုင်း(မ်)
ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်ဝရရှိသည့် ပြည်နယ် တခုပေါ်ပေါက်လာနိုင်ရေးအတွက် ကရင်နီ တစ်မျိုးသားလုံး ပူးပေါင်းပါဝင်လုပ်ဆောင်သင့်ကြောင်း ဇွန်လ ၂၁ ရက်နေ့တွင် ကျရောက်သည့် ၁၄၀ နှစ်မြောက် ကရင်နီအမျိုးသားနေ့၌ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP မှ အတွင်းရေးမှူး ၂ ဦးရွှေမျိုးသန့်က ပြောသည်။

"ဒါကတော့ ဒီပြည်နယ်တခုတည်းကို မဟုတ်ပါဘူး တိုင်းရင်းသား ဒေသ၊ တိုင်းရင်းသားပြည်နယ်မှာ မဆို ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်ဝရှိတဲ့ ပြည်နယ်တစ်ပြည်နယ် ကျနော်တို့က တမျိုးသားလုံးပါဝင်ပြီးမှ လုပ်ရမှာ ဖြစ်ပါတယ်" ဟု ဆရာရွှေမျိုးသန့်ကပြောသည်။

ပြည်နယ်အစိုးရအနေဖြင့် ကရင်နီအမျိုးသားနေ့သည် တမျိုးသားလုံးနှင့်သက်ဆိုင်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နေပြီဖြစ်ပြီး KNPP နှင့် အစိုးရတို့ အပစ်ခတ်ရပ်စဲရေး ယူပြီးနောက် ပြည်နယ်တွင်းတွင် ယခင်ကထက် ဖွံ့ဖြိုးတိုးတက်မှုများ တွေ့မြင်နေရပြီဖြစ်သည်ဟု အမျိုးသားနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ လူမှုရေးဝန်ကြီး ဦးကိုးရယ်က ဆိုသည်။

"ဒီအမျိုးသားနေ့မှာလည်းပဲ ကျနော်တို့ တောင်းဆိုချင်တာက ထာဝရငြိမ်းချမ်းရေးကို ရရှိဖို့နဲ့ ကျနော်တို့ ဒီအားလုံး ပြည်သူနဲ့ လက်တွဲပြီးမှ ကျနော်တို့ ဒီဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို အားကြိုးမာန်တက် ဝိုင်းဝန်းဆောင်ရွက်ဖို့တော့ လိုအပ်မယ်" ဟု ဝန်ကြီးဦးကိုးရယ်ကဆိုသည်။

လက်ရှိတွင် KNPP အပါအဝင် အခြားသော တိုင်းရင်းသားလက်နက်ကိုုင် အဖွဲ့အစည်းများက တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေးကို ဦးစားပေး လုပ်ဆောင်နေပြီး အကောင်းဆုံးကြိုးစားနေကြောင်း KNPP ၏ လွိုင်ကော် ဆက်ဆံရေးရုံးတာဝန်ခံ ခူးညေးရယ်က ဆိုသည်။

ကရင်နီလူငယ်များသမဂ္ဂ (UKSY) မှ ကိုကျော်ထင်အောင်ကလည်း လက်ရှိတွင် ကရင်နီအမျိုးသားနေ့ကို စိတ်ဝင်စားပြီး ပူးပေါင်းပါဝင်မှု အားနည်းနေမှုကို တွေ့ရကြောင်းနှင့် ကရင်နီ အမျိုးသားနေ့သည် ပြည်နယ်တွင်းရှိ လူမျိုးစု အားလုံးနှင့် သက်ဆိုင်နေသည့်အတွက် အားလုံး ပူးပေါင်းပါဝင်သင့်ကြောင်း ပြောသည်။

"နယ်စပ်ဒေသတွေမှာ KNPP က လုပ်ကိုင်ဆောင်ရွက်လာခဲ့တဲ့ အမျိုးသားနေ့ဆိုတာ လောက်ပဲ တချို့က တွေးခေါ် နေကြတယ်။ အဲဒီမှာလည်း ပူးပေါင်းပါဝင်မှု အားနည်းတဲ့အတွက်ကြောင့်မလို့ လက်ရှိ KNPP ကလည်း ကမကထ ပြုနေရတဲ့အပိုင်းတွေရှိနေတယ်" ဟု ကိုကျော်ထင်အောင်က ဆိုသည်။

၁၄၀ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားကို လွိုင်ကော်မြို့ ချိကယ်ကျေးရွာအနီး ကယားဒေးကွင်း အပြင်ဖက်နေရာ တွင် ပြုလုပ်ခဲ့ပြီး လူမှုအသင်းအဖွဲ့များ၊ ပါတီကိုယ်စားလှယ်များနှင့် ပြည်သူလူထုများ စုစုပေါင်း လူဦးရေ ၅၀၀ ကျော်တက်ရောက်ခဲ့သည်။

ကရင်နီပြည်ကို မည်သူ တစ်ဦးတစ်ယောက်မျှ စီမံခန့်ခွဲစိုးမိုးချုပ်ချယ်ခြင်းမပြုရဘဲ သီးသန့် လွှတ်လပ်သော အခွင့်အရေးပေးရန် မြန်မာဘုရင်အစိုးရနှင့် ဗြိသိသျှအစိုးရတို့ နှစ်ဦးနှစ်ဘက် သဘောတူကြကြောင်း၊ ယင်းသို့သော ပဋိဉာဉ်ဝန်ခံချက်ဖြင့် ခရစ်သက္ကရာဇ် ၁၈၇၅ခုနှစ်၊ ဇွန်လ ၂၁ရက် အစွဲပြု၍ ကရင်နီအမျိုးသားနေ့ဟု သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

ဓါတ်ပုံ - TikTok၊ ပေးပို့
January 13, 2026
စစ်ကော်မရှင်ကနေ ဦးစီးပြုလုပ်တဲ့ ( ၇၄ ) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲကို ယမန်နေ့ ဇန်နဝါရီလ ၁၂...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 12, 2026
ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁...
January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...