"အဓိက ကျနော်တို့လိုချင်တာတော့ ဒီ ကျနော်တို့ ကရင်နီပြည်မှာ ဒီမြေယာကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့နဲ့ ကိုက်ညီတဲ့ ဓလေ့ထုံးတမ်းကို ပြင်ဆင်နိုင်ဖို့ပေါ့။ ဥပဒေတခုဖြစ်မလား၊ မူပေါ်လစီတခု ဖြစ်မလားပေါ့" ဟု KNPP ဗဟိုကော်မတီဝင် ခူးပလူးရယ်က ဆိုသည်။
နိုင်ငံတော် အစိုးရမှ ထုတ်ပြန်ထားသော လယ်ယာမြေ အသုံးပြုမှု ဥပဒေကို တိုင်းရင်းသားဒေသရှိ ဓလေ့ထုံးတမ်းဥပဒေနှင့် ကိုက်ညီရန် ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ပထမဆုံးအကြိမ် ဆွေးနွေးပွဲတခုကို (KNPP) နှင့် နယ်စပ်လူမှု အသင်းအဖွဲ့များက ဇွန်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ အထိ လွိုင်ကော်မြို့ ချိကယ်ကျေးရွာ မော့ဒူဒီးဘိုး ခန်းမဆောင်အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် ပြီးခဲ့သည့် မေလက အစိုးရထုတ်ပြန်ခဲ့သော ဆဌမအကြိမ် လယ်ယာမြေဥပဒေ မူကြမ်းအပေါ် ဆွေးနွေးသုံးသပ် ခဲ့ကြကြောင်း သိရသည်။
၂၀၁၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် လယ်ယာမြေဥပဒေနှင့် မြေလွတ်၊ မြေလတ်၊ မြေရိုင်း ဥပဒေသည် တိုင်းရင်းသား ဒေသဘက်များ အတွက် အကျိုးတက်ရောက်မှု နည်းစေသည်ဟု မြန်မာနိုင်ငံ လယ်ယာမြေ ဥပဒေအကြောင်းကို သုတေသနပြုလုပ်ထားသည့် နိုင်ငံတကာ လူမှုအသင်းအဖွဲ့ Transnational Institute (TNI) မှ Tom Kramer ကပြောသည်။
၎င်းက “ဥပဒေ ၂ခုက တိုင်းရင်းသား လူမျိုးစုတွေအပေါ်မှာ အတော်လေးကို ဆိုးကျိုး တက်ရောက်စေတဲ့ ထိခိုက်မှုတွေကို ဖြစ်ပေါ်စေတယ်" ဟု ပြောသည်။
အစိုးရ၏ မြေလွတ်မြေရိုင်း ဥပဒေအရ အစိုးရထံ မှတ်ပုံတင်ထားခြင်းမရှိသော ဒေသခံများ၏ လယ်ယာမြေများကို အစိုးရက ကုမ္ပဏီထံ သို့ ငှားရမ်းနိုင်ကြောင်း Tom Kramer ကဆိုသည်။
ယခင်က တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းများအရ လယ်ယာမြေများမှာ တရားဝင်မှတ်ပုံ မတင်ထားသော်လည်း မြေပိုင်ဆိုင်ကြောင်း အသိမှတ်ပြုမှုများသာရှိခဲ့သည်။ ယခုတွင် အစိုးရထံ တရားဝင်မှတ်ပုံ တင်ထားသူနှင့် ဓလေ့ထုံးတမ်းအရ ပိုင်ဆိုင်သူများအချင်းချင်း ပဋိပက္ခဖြစ်ပွားလာနိုင်ကြောင်း ခူးပလူးရယ်က ဆိုသည်။
ထို့အပြင် အစိုုးရ၏ လယ်ယာမြေ ဥပဒေအရ ဒေသခံများပိုင်ဆိုင်သော မြေယာများမှာ ရောင်းချပေါင်နှံ၍ ရနေသည့်အတွက် ပြင်ပမှ ရင်းနှီးမြုပ်နှံသူများ ဝင်ရောက်လာပါက ဒေသခံများက မြေယာမဲ့ ဖြစ်သွားနိုင်သည့် အန္တရာယ်ရှိကြောင်း ခူးပလူးရယ်က ဆက်ပြောသည်။
ယခု ပြုလုပ်သော ပထမဆုံးအကြိမ်ဆွေးနွေးပွဲမှစ၍ တိုင်းရင်းသား ဓလေ့ထုံးတမ်းနှင့် ကိုက်ညီသော လယ်ယာမြေဥပဒေ သို့မဟုတ် ပေါ်လစီတခု ရရှိလာသည့်အထိ ဆွေးနွေးသွားမည်ဖြစ်ပြီး အစိုးရနှင့် တွေ့ဆုံသော နိုင်ငံရေးဆွေးနွေးပွဲတွင် ထည့်သွင်းတင်ပြ ဆွေးနွေးသွာမည်ဖြစ်ကြောင်း သိရသည်။







