“အသစ်ဝင်လာတဲ့ကလေးတွေကို ခုံအသစ်တစုံယူလာခိုင်းတယ်လေး။ ခုံတွေ လုံးဝကိုမရှိတော့တဲ့အတွက်လေး။ ကလေးတွေကလည်း တဖွဲဖွဲထပ်လာနေတယ်” ဟု အ.ထ.က ဒီးမော့ဆိုကျောင်းမှ တာဝန်ရှိ ဆရာမတစ်ဦးက ပြောကြားခဲ့သည်။
ဒီးမော့ဆိုမြို့နယ် အထက်တန်းကျောင်းခွဲများမှ ကျောင်းသူ၊ ကျောင်းသားများက ဒီးမော့ဆိုမြို့ အ.ထ.ကကျောင်းသို့ ပြောင်းလာကြသူ များလာကြသည့်အတွက် ကျောင်းခန်းများ ထပ်မံချဲ့ရပြီး ထိုင်ခုံများ၊ စာရေးခုံများ လုံလောက်မှု မရှိတော့သောကြောင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
စာသင်ခုံမရှိသည့် ကျောင်းသူ၊ ကျောင်းသားများသည် လက်သမားဆရာများပြုလုပ်ရောင်းချထားသည့် စာသင်ခုံကို တစ်စုံလျှင် ၃ သောင်းကျပ်ပေးဝယ်ပြီး ထိုင်ခုံပေါ်တွင် မိမိတို့၏ နာမည်ကို ရေးထိုးထားကြရသည်ဟု နဝမတန်းတွင် အသစ်ပြောင်းလာ သည့် ကျောင်းသူတစ်ဦးက ပြောသည်။
၎င်းက “သမီးတို့ ကျောင်းရောက်တော့ ထိုင်ခုံရယ် စာရေးခုံရယ်မရှိတော့ ဒီအတိုင်း မတ်တပ်ရပ်နေရတယ်၊ နောက်တောာ့ သမီးတို့ ကိုယ့်ထိုင်ခုံကို ဝယ်ပြီးထိုင်နေရတယ်၊ သမီးတို့ ၄၊ ၅ယောက်လောက်ရှိတယ် ̋ ဟု ပြောသည်။
ယခုပညာသင်နှစ်တွင် အလယ်တန်းကျောင်းခန်းများကိုလည်း ထပ်မံတိုးချဲ့ရကြောင်း၊ ထိုသို့ ကျောင်းခန်းများ ထပ်မံတိုးချဲ့ခြင်းကြောင့် လည်း ထိုင်ခုံများ မလုံလောက်ဖြစ်ကာ ကျောင်းရံပုံငွေလည်းမရှိသည့်အတွက် ယခုကဲ့သို့ ကြံုတွေ့နေရခြင်းဖြစ်သည်ဟု ဆရာမက ဆက်ပြောပြသည်။
ထို့အပြင်တက္ကသိုလ်ဝင်တန်းအောင်ချက်သည်လည်း မြင့်လာသည့်အတွက် ကျောင်းသားသစ် ပြောင်းလာသူ များလာခြင်းလည်းဖြစ်သည် ဟု အထက်တန်းပြဆရာမတစ်ဦးက ပြောသည်။
ကယားပြည်နယ် တစ်ပြည်နယ်လုံးရှိ ကျောင်းများကို ပရိဘောဂများ လိုအပ်ချက်များ ဆောင်ရွက်ပေးနေပြီး အချို့ လိုအပ်သော ကျောင်းများ ကိုလည်း ထပ်မံဖြည့်ဆည်းပေးသွားမည်ဟု ကယားပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဒေါ်သစ်သစ်ရွှေက ပြောပါသည်။
“ြ တ်တတ်ာမည်ကို ရေးထိုးထားကြရသည် မြို့နယ်ပညာရေးမှုးတွေကိုခေါ်ယူပြီးတော့ ကျောင်းတွေမှာလည်း ပရိဘောဂတွေ ထားရှိမှုရှိမရှိ၊ ကျောင်းစဖွင့်ချိန်မှာ ကျောင်းနဲ့ ကျောင်းပတ်ဝန်းကျင်ပေါ့နော။ ကျောင်းသန့်ရှင်းရေး၊ ကျောင်းပစ္စည်းတွေ လုံလောက်မှုရှိမရှိ သောက်ရေအိုးတွေ၊ တံမြက်စည်းတွေ ပန်းအိုးလေးတွေကအစ ဆောင်ရွက်ထားပေးဖို့ မှာကြားထားပါတယ်” ဟုပြောသည်။
ထို့အတူ ဒီးမော့ဆို အ.ထ.က ခွဲဖြစ်သော ဒေါတမငယ်ကျောင်းတွင်လည်း ထိုင်ခုံများ မလုံလောက်သဖြင့် ကျောင်းသားသစ်များကို တစုံစီယူလာခိုင်းကြောင်းလည်း သိရသည်။
ကျောင်းသားဦးရေ များပြားလာခြင်းကြောင့် ကျောင်းခန်းများ ထပ်မံတိုးချဲ့ရပြီး ယခုတွင် နဝမတန်းတွင် ၅ ခန်းရှိပြီး အခန်းတစ်ခန်းတွင် ကျောင်းသားပေါင်း ၄၈ဦးခန့် ရှိကြောင်း၊ ဒသမတန်းတွင် အခန်းပေါင်း ၈ ခန်းရှိပြီး အခန်းတစ်ခန်း တွင် ကျောင်းသားပေါင်း ၅၀ ခန့် ရှိကြောင်းသိရသည်။







