“အခုသိမ်းထားတဲ့မြေယာတွေက ဆိုလျားကူးတောင်သူတွေရဲ့ စားဝတ်နေရေး၊ စီးပွားရေး အတွက် ဖြေရှင်းရတာဖြစ်တယ်၊ မစိုက်ပျ်ိုးနိုင်ရင်ဘာနဲ့သွားစားမလဲ”ဟု သူက ကန္တာရဝတီတိုင်း(မ်) သို့ ပြောသည်။
ဧပြီ ၃၀ နေ့စွဲဖြင့် ပေးပို့ထားသည့် အသနားခံစာလွှာတွင် တရားရုံးတော်၏ အဆုံးအဖြတ်ကို ခံယူပြီးနောက် မြေယာ ကိစ္စနှင့် ပတ်သက်၍ ရာသီချိန်မီ စိုက်ပျိုးနိုင်ရန်၊ နောင်နှစ်ပေါင်းများစွာအထိ ဆက်လက်စိုက်ပျိုးခွင့်ရရန်၊ စိုက်ပျိုးခွင့်မရပါက မြေပြန်လည် အစားထိုး ဖော်ဆောင်ပေးနိုင်ရန်၊ ပြန်လည်အစားထိုးပေးနိုင်ခြင်း မရှိပါက ဘဝရပ်တည်မှုအတွက် လက်ရှိလုပ်ကိုင်နေသော တောင်ယာများတွင်သာ မဖြစ်မနေ ဆက်လက်လုပ်ကိုင်သွားရမည့် အခြေအနေများကို ရေးသားထားသည်။
စိုက်ပျိုးရာသီ ရောက်လာပြီးဖြစ်သောကြောင့် စိုက်ပျိုးထွန်ယက်ရန် ခွင့်ပြုစေလိုသည်ဟု ဆိုလျားကူးမှ တောင်သူတဦးကလည်း “မေလမှာစိုက်ရမယ်၊ ကျော်သွားရင်သီးနှံထွက် မကောင်းဘူး၊ ဒီသီးနှံတွေနဲ့ပဲ အကုန်လုံးကို ဖြေရှင်းနေရတာ”ဟု ပြောဆိုုသည်။
ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးသဲရယ်က “ကျနော်တို့ကတော့ တောင်သူတွေဖက်က ရပ်တည်သွားမယ် သူတို့ရဲ့အခွင့်ရေး အပြည့်ဝရရှိဖို့ သိမ်းဆည်းထားတဲ့ မြေယာတွေ ပြန်ရဖို့အတွက် လုပ်ဆောင်သင့်တာတွေ ဆက်လုပ်သွားမယ်”ဟု ပြောသည်။
၎င်းမြေယာများပေါ်တွင် တောင်သူများ ထွန်ယက်ခဲ့သည့်အတွက် စစ်တပ်က တောင်သူ ၅ ဦးကို တရားစွဲဆိုခဲ့ပြီး ဧပြီ ၂၇ ရက်က ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထိုနေ့တွင် လယ်ယာမြေပြန်လည်ရရှိရေး အတွက် တောင်သူ ၄၀၀ ကျော်ကလည်း ဖရူဆိုမြို့၌ ဆန္ဒပြခဲ့ကြသည်။







