ရခိုင်ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင် ၄ ဦးနှင့် ပြည်သူ ရ ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ တွင် ဂုဏ်ပြုချီးမြှင့်

ရခိုင်ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင် ၄ ဦးနှင့် ပြည်သူ ရ ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ တွင် ဂုဏ်ပြုချီးမြှင့်
by -
နိရဥ္စရာ
အောက်တိုဘာ (၁) ရက် နေ့တွင် ကျရောက်သည့် (၅၃) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် ရခိုင်ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင်၄ ဦးနှင့် အရပ်သား ရ ဦးတို့အား ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲတပ်ဖွဲ့ဝင်များအား တစ်ဆင့်မြှင့် ရာထူးပေးအပ်ခြင်းနှင့် အမှုထမ်းကောင်း လက်မှတ်များကို ချီးမြှင့် ပေးအပ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ပြည်သူ ရ ဦးအား ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများ ချီးမြှင့် ခဲ့ကြသည်ဟု သိရသည်။

ဆုချီးမြှင့်ပွဲ အခမ်းအနားကို စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး ၎င်း အခမ်းအနားတွင်ပင် ယင်းသို့ ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

တစ်ဆင်မြှင့်ရာထူး ပေးအပ်ချီးမြှင့် ခံရသ်ည့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ ရဲဒုတပ်ကြပ် ကျော်စိုးနှင့် ရဲဒုတပ်ကြပ် ကောင်းဝေလွင်တို့ဖြစ်သည်။ အမှုထမ်းကောင်းလက်မှတ်နှင့် ဆုငွေချီးမြှင့်ခံရသော ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ သံတွဲခရိုင်မှ ရဲအုပ်ဇင်ဟိန်းထွဋ်နှင့် မြောက်ဦးမြို့မှ ဒုရဲအုပ် လင်းလင်းအောင်တို့ဖြစ်သည်။

ရဲတပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်၍ ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေ ချီးမြှင့်ခံရသူများမှာ စစ်တွေမြို့ မောလိပ်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးကျော်လှစိန်၊ စစ်တွေမြို့ ရူပမြောက်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်သာ၊ ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင် ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးကျော်စိန်လှ၊ စစ်တွေမြို့ တရားသီးစုရပ်ကွက်မှ ရပ်မိရပ်ဖ ဦးမြှင့်စိုး၊ စစ်တွေမြို့ မောလိပ်ရပ်ကွက်မှ ရပ်မိရပ်ဖ ဦးမောင်မောင် (ခ) ဦးဇော်လှိုင်ညွန့် နှင့် စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက်မှ ရာအိမ်မှူး ဦးစောသန်းတို့ဖြစ်သည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် ဦးညီပုမှ အဖွင့်အမှာစကား ပြောကြားပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးမှ ၅၃ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ ရဲချုပ်၏ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

“၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ထားရှိပြီး ပြည်သူ့ရဲတပ်ဖွဲ့အမည်နဲ့ စတင်ဖွဲ့စည်းခဲ့တယ်။ အဲ့ဒီနေ့ကိုလည်း ရဲတပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ပြီး ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ မြန်မာနိုင် ရဲတပ်ဖွဲ့လို့ အမည်ပြောင်းလဲ သတ်မှတ်ပါတယ်”ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မျက်မှောက်ကာလတွင် နိုင်ငံတော်က လျှောက်လှမ်းနေသည့် ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေသည့် ရဲတပ်ဖွဲ့အဖြစ် ရပ်တည်နိုင်ရန် ဒီမိုကရေစီစနစ်နှင့် လျှော်ညီသည့် ရဲတပ်ဖွဲ့ လုပ်ငန်းစဉ်များကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်ဟု ရဲမှူးကြီးက ပြောကြားသည်။

 မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အသုံးပြုသော အဆင့်မြင့်ကားများနှင့် ရဲဝတ်စုံများကိုလည်း ခင်းကျင်းပြသထားသည်။

အခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ၊ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်နှင့် ၀န်ကြီးများ၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး၊ အခြားရဲအရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အခြားဌာနဆိုင်ရာအကြီးအကဲများနှင့် အုပ်ချုပ်ရေးမှူးများ အပါအဝင် စုစုပေါင်း ၄၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...