အခမ်းအနားကို နေ့လယ် ၁ နာရီမှ စတင်ပြီး ဦးဥတ္တမခန်းမတွင် ကျင်းပရာ ရဟန်းရှင်လူ ပြည်သူ ၂၀၀ နီးပါးခန့်တက်ရောက်ခဲ့သည်။
“သြဂုတ် ၁၃ ဟာ ဆန်ခွဲတမ်းကို လျှော့လိုက်လို့ ထမင်းမဝလို့ ဆန္ဒပြကြရတာဖြစ်ပါတယ်။ အဲ့ဒီအချိန်က အိမ်ထောင်စုကတ်ပြားလုပ်ပြီး ပပကဆိုင်က ဆန်ဝယ်ယူရပါတယ်။ သြဂုတ်လ မတိုင်ခင်ထိ တစ်လအတွက် လူကြီး တစ်ယောက်ကို ဗူး ၆၀၊ ကလေးတစ်ယောက်ကို ဗူး ၃၀ ပေးပါတယ်။ သြဂုတ်လ ၁ ရက်နေ့ကနေ ထက်ဝက် လျှော့လိုက်ကြပါတယ်”ဟု သြဂုတ် ၁၃ ဆန္ဒပြရာတွင် ပါ၀င်ခဲ့သူ ဗဂျီးကျော်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ယင်းသို့ ထက်ဝက်လျှော့ချလိုက်၍ ပြည်သူများ ထမင်းမဝဖြစ်လာကြပြီး အစိုးရတွင် နိုင်ငံခြားသို့ တင်ပို့ရန် ဂိုဒေါင်တွင် သိုလှောင်ထားသော ဆန်များကို ပြည်သူများသို့ ရောင်းချပေးရန် တောင်းဆိုခဲ့သော်လည်း ပြည်သူ့သဘောထားကို လိုက်နာမှုမရှိဘဲ နိုင်ငံခြားသို့ ဆန်ရောင်းချခဲ့၍ ၁၃ သြဂုတ် အရေးတော်ပုံ ဖြစ်ပွားခဲ့ရသည်ဟု ဆိုသည်။
၁၉၆၇ ခုနှစ်တွင် ရာသီဥတုဖေါက်ပြန်ပြီး စပါးထွက်နှုန်းကျဆင်းပြီး ရခိုင်ပြည်နယ်တွင် အငတ်ဘေးနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အုပ်ချုပ်သူအာဏာပိုင်းများက ဂိုဒေါင်တွင် သိုလှောင်ထားသော ဆန်များကို ပြည်သူများသို့ မရောင်းချဘဲ နိုင်ငံခြားသို့ သင်္ဘောကြီးများဖြင့် တင်ပို့ခဲ့သည်ဟု ပြောဆိုသည်။
“ပြည်သူတွေ အငတ်ဘေးနဲ့ ရင်ဆိုင်လာရတော့ သြဂုတ်လ ၁၁ ရက်နေ့မှာ အမျိုးသမီးတွေက ထမင်းချက်တဲ့ အိုးတွေကို ယူသွားပြီး အာဏာပိုင်တွေဆီမှာ ဆန်တောင်းကြပါတယ်။ အာဏာပိုင်တွေက နင်တို့ ခေါင်းဆောင် ဘယ်သူလဲလို့ မေးတဲ့အခါမှာ အိုးကို ထိုးပြကြပါတယ်။ သြဂုတ်လ ၁၂ နေ့မှာတော့ ငတ်နေတဲ့ ပြည်သူတွေဟာ နိုင်ငံခြားကုန်တင် သင်္ဘောကြီးတွေကို ပို့ဖို့ CB မော်တော်ဘုတ်မှာ ချနေတဲ့ ဆန်တွေကို လုယက်မှု ဖြစ်ပွားခဲ့ပါတယ်”ဟု နှစ် ၅၀ ပြည့် ရခိုင်ပြည်ဆန်အရေးတော်ပုံနေ့ ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ပြောကြားရာတွင် ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ခိုင်ဆန်အောင်က ပြောသည်။
“ဆန္ဒပြသမားတွေ မြဆန်စက်ရှေ့ရောက်တဲ့အခါမှာ စစ်တပ်က ဘားဝိုင်ယာကာထားတဲ့အတွက် ဆန္ဒပြသူတစ်ချို့က စစ်သားတွေကို ခဲနဲ့ပေါက်မှုတွေ ဖြစ်ပွားခဲ့ပြီး၊ စစ်သားတွေကလည်း မိုးပေါ်ကို ထောင်ပစ်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ သူတစ်ယောက်က စစ်တပ်နဲ့ သွားညှိတဲ့အခါမှာ စစ်သားက ဘားဝိုင်ယာကို ဖယ်ရှားပြီး ၀င်ခွင့်ပြုလို့ ၀င်သွားတဲ့အခါမှာတော့ စစ်သားတွေက လူအုပ်ကို ပစ်ခတ်ခဲ့တဲ့အတွက် အစုလိုက် အပြံုလိုက် သေဆုံးသွားခဲ့ပါတယ်”ဟု ဆန္ဒပြပွဲတွင် ပါ၀င်ခဲ့သူတစ်ဦးက ပြောသည်။
ယင်းနေ့ ဆန္ဒပြပွဲတွင် ပါ၀င်ခဲ့သူ ဗဂျီးကျော်ကလည်း “စစ်သားတွေ ပစ်တဲ့အချိန်မှာ ကျနော်က ရှေ့ကို ရောက်သွားတဲ့အတွက် ခေါင်းပေါ်ကနေ ကျည်ဖြတ်သွားပါတယ်။ ပြန်ပြီးထွက်ပြေးတဲ့အခါ သွေးသံရဲရဲနဲ့ သေနေတဲ့သူတွေ၊ ဒဏ်ရာနဲ့ အော်ဟစ် လဲနေသူတွေကို တက်နင်းပြီးတော့ ထွက်ပြေးခဲ့ရတာ ၃ ရက်တိတိ ထမင်းမစားနိုင်ဖြစ်ခဲ့ရပါတယ်”ဟု ဆိုသည်။
ယင်းသို့ အစုအလိုက် အပြံုလိုက် ပစ်သတ်ခံရပြီး သေဆုံးသူများနှင့် မသေဆုံးဘဲ ဒဏ်ရာ ရနေသူများကိုပါ လော်ရီကားတွင် တင်ပြီး တွင်းကြီးတူးကာ အစုလိုက်အပြံုလိုက် မြှုပ်နှံလိုက်သည်ဟု သိရသည်။
“လူတွေ ရာချီသေဆုံးခဲ့ပေမယ့် ၂၄ ယောက်သေတယ်လို့ပဲ အာဏာပိုင်တွေက စာရင်းပြခဲ့ပါတယ်။ သေတာတောင် စာရင်းထဲမပါဘဲ ရခိုင်တွေ သေဆုံးခဲ့ရတဲ့အဖြစ်မျိုးပါ။ တရားဝင် သေဆုံးခွင့် ကိုတောင် ရခိုင်တွေ ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီတုန်းက ၁၁ နှစ် အရွယ်ဆိုပေမယ့် ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ နေရာနဲ့နီးတဲ့အတွက် ခြေကျိုး၊ လက်ကျိုး၊ အူပွင့်ထက် ဒဏ်ရာရသူတွေနဲ့ ထွက်ပြေးနေတဲ့လူတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်”ဟု ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောသည်။
ဆန်စပါးပေါများသောကြောင့် ဓညဝတီဟု နာမည်တွင်ခဲ့ပြီး၊ ဒတ်ချ်တို့ကို ဆန်ရောင်းဝယ်မှု ပြုလုပ်ပြီး ရခိုင်ဘုရင့်နိုင်ငံသည် ချမ်းသာခဲ့ပြီး၊ အင်္ဂလိပ်ကိုလိုနီလက်အောက်တွင်လည်း ဆန်ရောင်း၍ သားသမီးများကို ကာလကတ္တားနှင့် လန်ဒန်တက္ကသိုလ်ထိ ပို့နိုင်ခဲ့သော ရခိုင်ပြည်တွင် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်ရေး ရပြီးနောက်ပိုင်း တဖြည်းဖြည်း စီးပွားရေး ကျဆင်းလာခဲ့ရပြီး ၁၉၆၇ ခုနှစ်တွင် အစိုးရ၏ ပြည်သူကို အလေးမထားဘဲ နိုင်ငံခြားသို့ ဆန်တင်ပို့၍ ရောင်းချခဲ့သည့်အတွက် ဆန်အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ရသည်ဟု ဦးကျော်မောင်က အခမ်းအနားတွင် ပြောကြားခဲ့သည်။
နှစ် ၅၀ ပြည့် ဆန်အရေးတော်ပုံနေ့ အခမ်းအနားသည် ရခိုင်ပြည်သူများအတွက် မမေ့အပ်သော သမိုင်းဝင် နေ့တစ်နေ့ဖြစ်သော်လည်း ရခိုင်ပြည်နယ်အနှံ့ လူထုဆန္ဒပြပွဲကြီးနှင့် တိုက်ဆိုင်နေ၍ အခမ်းအနားသို့ ရဟန်းသံဃာများ အပါအဝင် စုစုပေါင်း ၂၀၀ ခန့်သာ တက်ရောက်ခဲ့သည်ဟု သိရသည်။
စစ်တွေ ဆန်ပြသနာ အရေးတော်ပုံနေ့ အခမ်းအနားကို ၈၈ ရခိုင်မျိုးဆက်များ လှုမှုဖွံ့ဖြိုးရေးအဖွဲ့၊ ၀ံလက်ဖောင်ဒေးရှင်း (ရခိုင်ပြည်) နှင့် ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။







