ပစ်ခတ်သူမှာ ပေါက်တောမြို့နယ် စစ်ကဲပြင် (ဘင်္ဂလီရွာ) လုံခြံုရေးစခန်းမှ ဒုရဲအုပ် ဇာဇာမင်းဖြစ်ပြီး BA 94 သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အပစ်ခံရသူမှာ ရဲတပ်ကြပ်စန်းစန်းလင်းဖြစ်ပြီး သူ၏ချက်အထက် ၀မ်းဗိုက်တွင်ဖောက်ဝင် ဒဏ်ရာတစ်ချက်ရရှိခဲ့သည်ဟု သိရသည်။
“လုံခြံုရေးတပ်ဖွဲ့ ၁၂ က တပ်ဖွဲ့ဝင်တွေဖြစ်တာပါ။ ပေါက်တောမြို့နယ် အပိုင်တော့ ပေါက်တောအပိုင်ပါ၊ ဒါပေမယ့် ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရှိရပါဘူး။ ဒဏ်ရာရတဲ့သူကို မနေ့ကတည်းက စစ်တွေဆေးရုံကို ပို့လိုက်တယ်လို့ ကြားသိရပါတယ်”ဟု ပေါက်တောမြို့ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက (ဇူလိုင် ၂၀ရက်နေ့တွင်) နိရဥ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။
ဖြစ်စဉ်မှာ လုံခြံုရေး ရဲတပ်ဖွဲ့ ၁၂ မှ စစ်ကဲပြင် လုံခြံုရေး ရဲကင်းတွင် တာဝန် ကျနေသော ဒုရဲအုပ် ဇာဇာမင်း အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးသည် စစ်ကဲပြင်မှ ဆင်အိုင်ရွာသို့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ရောက်ရှိ၍ ၄င်းမှ ပိန္နဲချောင်းကျေးရွာသို့ သွားရောက်ပြီး၊ ပိန္နဲချောင်းရွာမှအပြန် ၄ နာရီ ၄၀ မိနစ်အချိန်တွင် ဆင်အိုင်ကျေးရွာအနီး တောင်ကျော်လမ်းအရောက်၌ ဒုရဲအုပ် ဇာဇာမင်းနှင့် ရဲတပ်ကြပ် စန်းစန်းလင်းတို့ စကားများပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသွားသည့် ရဲတပ်ကြပ် စန်းစန်းလင်းအား ညနေ ၆ နာရီအချိန်တွင် စက်လှေတစ်စီးဖြင့် စစ်တွေဆေးရုံကြီးသို့ ပို့လိုက်သည်ဟု လေ့လာသိရှိရသည်။







