၎င်းလှူဒါန်းပွဲကို ဇွန်လ ၂၃ ရက် နံနက် ရ နာရီ အချိန်တွင် မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာရှိ မူလတန်းကျောင်းတွင် အခမ်းအနားတစ်ရပ်ပြုလုပ်ကာ လှူဒါန်းခဲ့သည်။
လေမုန်တိုင်းကြောင်း ပျက်ဆီးသွားသည့် ကင်းချောင်းကျေးရွာမှ အိမ်ထောင်စု ၁၉ စု၊ ခရေမြိုင်ကျေးရွာမှ ၉၁ စုနှင့် DPA (ငြိမ်း) ချမ်းရေးရွာမှ မိသားစု ၈ စု၊ စုစုပေါင်း ၁၁၈ စုသို့ ငွေကျပ် ၂၆၈၄၀၀၀ ကို ARG၏ ဦးဆောင် ဒါရိုက်တာ ဦးခိုင်ထူးမှ ကျေးရွာသူ ကျေးရွာသားများကို စနစ်တကျ ခွဲဝေ လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရပါသည်။
ARG မှ ဦးခိုင်ထူးက ” ကျွန်တော်တို့တွေဟာ INGO လို့ခေါ်တဲ့ နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းများလည်း မဟုတ်သလို အစိုးရဖွဲ့လည်း မဟုတ်ပါဘူး။ မိမိတို့ လုပ်အားနဲ့ ရရှိလာတဲ့ ချွေးနည်းစာ ငွေတွေထဲက တတ်နိုင်သလောက် ၀ိုင်းစုဆောင်းပြီး ကိုယ့်လူမျိုးတွေ ဒုက္ခရောက်နေကြတာကို တစ်ဖက်တစ်လမ်းက ကူညီ လှူဒါန်းတာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
ယခု လှူဒါန်းငွေများမှာ ARG အဖွဲ့ တစ်ခုတည်းက မဟုတ်ဘဲ ဂျပန်ရောက် ရခိုင်လူမျိုး ၄၀၀ ခန့်မှ ၀ိုင်းဝန်း ကူညီလှူဒါန်းခြင်း ဖြစ်ကြောင်း အခမ်းအနားတွင် ဦးခိုင်ထူးက ရှင်းလင်း ပြောဆိုသည်။
ဂျပန်တွင် အလုပ်လုပ်ရခြင်းမှာ မြန်မာပြည်တွင် အလုပ် လုပ်ရတာထက် အဆ ပေါင်းမြောက်များစွာ အောက်ကျပါကြောင်း၊ အောက်ကျ နောက်ကျခံပြီး လုပ်အားဖြင့် ရလာသည့် ငွေများကို မိမိတို့ ရခိုင်လူမျိုးစုများဖြစ်ကြသည့် မြို၊ ခမီ၊ ဒိုင်းနက်(သက္ကမ)၊ သက်၊ မာရမာ တို့ကို ု မခွဲခြားဘဲ စေတနာအမှန်ဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း၊ နည်းသည်များသည် ပဌာနမထားဘဲ လှူဒါန်းငွေ အပေါ်မှာ တန်းဖိုး ထားစေလိုကြောင်း ပြောကြားသည်။
ခရေမြိုင်ကျေးရွာသား တစ်ဦးကလည်း ယခုလို ကူညီလှူဒါန်းသည့် အပေါ် များစွာကျေးဇူးတင်ကြောင်းနှင့် ဂျပန်နိုင်ငံကို ရောက်နေသော်လည်း နယ်စပ် ဒေသတွင် ဒုက္ခရောက်နေကြရသည့် မိမိတို့ လူမျိုးအပေါ် မမေ့နိုင်ဘဲ ကူညီ စောင့်ရှောက်ကြသည့် အတွက် များစွာ ကျေးဇူးတင်ကြောင်း ပြောဆိုသည်။
အလှူငွေများအား ခွဲဝေပေးရာတွင် ၁၀ ရာခိုင်နုန်းပျက်စီးခဲသည့် အိမ် တစ်ဆောင် လျှင် ကျပ် ၉၀၀၀၊ ၅၀ ရာခိုင်နုန်း ပျက်စီးသည့် အိမ်တစ်ဆောင်လျှင် ကျပ် ၄၅၀၀၀၊ ၁၀၀ ရာခိုင်နုန်း ပျက်စီးခဲ့သည့် အိမ်တစ်ဆောင်လျှင် ကျပ် ၉၀၀၀၀ စီ အသီးသီး ခွဲဝေ ပေးခဲ့သည်ဟုသိရသည်။







