“ ဟုတ်ပါတယ်ဗျာ။ ပြောင်းဖို့ ရွှေ့ဖို့အတွက် သတိပေးမှု ထုတ်ပြန်တာ မဟုတ်ဘူး။ မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေလျှံနေတဲ့ အတွက် ကြိုတင်ပြင်ဆင်နိုင်အောင် သဘာဝဘေးကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှူကော်မတီမှ သတိပေးမှု ထုတ်ပြန်တာပါ” ဟု သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က နိရဥ္စရာသို့ ပြောကြားသည်။
ယမန်နေ့မှ စပြီး မိုးရေချိန် လက်မ ၁၀ ဒသမ ၄၇ ရွာသွန်းနေကြောင်း၊ မိုးလေဝါသ အခြေအနေ၊ ချောင်းရေအခြေအနေများကို သိစေလို၍ ထုတ်ပြန်ပေးခြင်းဖြစ်ကြောင်း သူက ပြောဆိုသည်။
“ ပထမကတော့ ရာသီဥတု အခြေအနေပေါ့၊ ဒုတိယက လက်ရှိ အနေအထားအတိုင်း ၂၄ နာရီ အတွင်း မိုးဆက်ပြီး ရွာသွန်းနေမယ်ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေပေါ့၊ တတိယ ဖြစ်ပေါ် လာနိုင်တဲ့ အခြေအနေ ပေါ်မူတည်ပြီး သဘာဝဘေးကြိုတင် ကာကွယ်ရေး စီမံခန့်ခွဲမှူကော်မတီမှ ကြိုတင်ပြင်ဆင် စေလိုတဲ့ အကြောင်းအရာ တွေကို ထုတ်ပြန်ရင် ထုတ်ပြန်ချက်တွေ လိုက်နာရမယ် အချက်တွေကို ထုတ်ပြန်ပေးတာ ဖြစ်ပါတယ်” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောသည်။
လက်ရှိ သိရှိရသည်မှာ သံတွဲမြို့ တွင် ယမန်နေ့ညမှစ၍ မိုးအဆတ်မပြတ် ရွာသွန်းမှူကြောင့် မြို့တွင်းရှိ ဇီးချောင်းရေမြောင်းမှရေလျှံသဖြင့် အမှတ်(၁)ရပ်ကွက် သြဘာလမ်းပေါ်နှင့် နေအိမ် ၁၅ လုံးခန့်အား ရေစတင်ဝင်ရောက်လျက်ရှိကြောင်း၊ အိမ်များမှ ခြေတန်ရှည်အိမ်များဖြစ်၍ လူနေထိုင်သည့်အထပ်သို့ ရေရောက်ရှိခြင်းမရှိသေးကြောင်း၊ အိမ်ကြမ်းပြင်နှင့်ရေအကွာအဝေးမှာ ၆ ပေခန့်ရှိကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဖေ့စ်ဘုတ်တွင် ဖော်ပြထားသည်။
၂၄ နာရီအဆက်မပြတ်ထပ်မံမိုးရွာပါက အမှတ်၁ ၊၂ ရပ်ကွက်များရှိ သုတိလမ်း သြဘာလမ်း၊ မာဃလမ်း၊ ရတနာလမ်း၊ GTI ကျောင်းရှေ့နောက် တရားရုံးလမ်း အမှတ် ၄ ရပ်ကွက် သမုတ်ချောင်းအပိုင်း၊ အမှတ် ၅ ၊ ၆ ရပ်ကွက် ဗောဓိကုန်းအပိုင်း ၊အမှတ် ရ ရပ်ကွက် ဒိုးတောင်အနိမ့်ပိုင်းနှင့် အမှတ် ၈ ရပ်ကွက် အနိမ့်ပိုင်း အချို့နေရာများတွင် ချောင်း မြောင်းများမှ ရေဝင်ရောက်နိုင်ခြေရှိသဖြင့် သတိပြုနေထိုင်နိုင်ရေးနှင့်လိုအပ်ပါကရွှေ့ပြောင်းနိုင်ရေး သဘာဝစီခန့် ကော်မတီမှ စီစဉ်နေကြောင်း ယနေ့နံက် ၈ နာရီတွင် လှည့်လည် အသိပေးကြေငြာသွားခဲ့သည်ဟု သိရသည်။
အရေးပေါ်ကော်မတီနှင့်ရပ်ကွက်များသည် ယနေ့ နံနက် ၁၀ နာရီတွင် အစည်းအဝေးပြုလုပ်ပီး ကြိုတင်ပြင်ဆင်ခြင်း ၊သတင်းချပြခြင်း၊ ညှိနှိုင်း ဆွေးနွေးခြင်းများပြုလုပ်၍ ကွပ်ကဲရေးရုံး စတင်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဟုလည်း သိရှိရသည်။







