“ ဇွန်လ ၁၂ ရက်နေ့ည ၁၀ နာရီလောက်မှာ သွေးတိုးပြီးတော့ အိမ်ကို ရောက်လာတယ်လို့ ပြောပါတယ်။ ရောက်တဲ့အခါ စကားမပြောနိုင်ဖြစ်ပြီးတော့ စစ်တွေဆေးရုံကြီးသို့ ယူဆောင်လာတဲ့အခါမှာ လမ်းခုလပ်မှာ ကွယ်လွန် သွားတယ်လို့ သိရပါတယ်”ဟု မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ (ရခိုင်ပြည်) တွဲဖက်အတွင်းရေးမှူး ကိုဇော်ဇော်မင်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
သွေးတိုးပြီး ဦးနှောက်ကြော ပြတ်ကာ ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ဆရာဝန်၏ စစ်ဆေးချက်အရ သိရကြောင်း ဆိုသည်။
“ဦးမောင်လှဖြူ ကွယ်လွန်မှုအပေါ်မှာ မိသားစုနဲ့ထပ်တူ ထပ်မျှ ၀မ်းနည်းပါတယ်။ စိတ်မကောင်းဖြစ်မိပါတယ်” ဟု ကိုဇော်ဇော်မင်းက ပြောသည်။
ဦးမောင်လှဖြူသည် ရဟန်းဘဝ ရက္ခဝံသအမည်ဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးတို့နှင့်ပတ်သက်သော လှုပ်ရှားမှုများတွင် ဦးဆောင်ဦးရွက်ပါ၀င်ခဲ့ပြီး မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အသက်ကို ပဓာနမထားဘဲ ၆ ကြိမ်တိုင်တိုင် အစာငတ်ခံ ဆန္ဒပြခဲ့သူဖြစ်ကြောင်းသိရသည်။
သူ၏ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများကို အသိအမှတ်ပြုသည့် အနေဖြင့် မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က နိုင်ငံးရေးအကျဉ်းသားများ လွတ်မြောက်ရေး စွမ်းဆောင်ရည်ဆု ချီးမြှင့်ခဲပြီး၊ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (ရခိုင်ပြည်) ကလည်း ထပ်ဆင့် ဂုဏ်ပြုပွဲကိုလည်း လွန်ခဲ့သည့်လက ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြုလုပ်ခဲ့သေးသည်။
ဦးမောင်လှဖြူ ကွယ်လွန်ချိန်တွင် အသက် ၅၈ နှစ် ရှိပြီဖြစ်ပြီး၊ ဇနီးမယားနှင့် ၈ နှစ်အရွယ် သားတစ်ဦးနှင့် ၄ နှစ်အရွယ် သမီးတစ်ဦး ကျန်ရစ်ခဲ့ကြောင်း၊ ယခုအချိန်တွင် စစ်တွေမြို့ မင်းဂံ အကွက် ရ တွင် နေထိုင်လျက်ရှိကြောင်း သိရသည်။
သူ၏ ရုပ်အလောင်းကို ဇွန်လ ၁၄ ရက်နေ့ နေ့လည် ၂ နာရီတွင် အာဂျိတ်တော်ကုန်း သချႋုင်း၌ မီးသဂြိုလ်မည်ဟု သိရသည်။







