မေလမှ ဇွန်လ ယနေ့အချိန်ထိ ညပိုင်း၌လမ်းသွားလမ်းလာများထံမှ ငွေနှင့် ပစ္စည်းများ လုယူကျူးလွန်မှု (၆)ကြိမ်ထိရှိပြီး နောက်ဆုံးကျူးလွန်မှုမှာ ဇွန်လ (၈)ရက်နေ့က ဖြစ်ပွားခဲ့ကြောင်းသိရသည်။
‘‘ရဲစခန်းကို လာတိုင်တာက မေလမှ ယနေ့ထိ ငါးခုရှိတယ်။ အများစုက လုယူသူ တွေကို မမှတ်မိကြဘူး။ အမှုဖွင့်တဲ့သူက တစ်ဦးပဲရှိတယ်။ အများစုက အမှု မဖွင့်ကြဘူး’’ဟု ကျောက်ဖြူရဲစခန်းမှ အရာရှိတစ်ဦးကပြောသည်။
မေလ ၁၂ ရက်နေ့က အမှတ်(၅၄၂)ခြေမြန်တပ်ရင်းမှ အရာခံဗိုလ်တစ်ဦး ညပိုင်း ၈ နာရီ ၃၀ မိနစ်ခန့်တွင် စေတီယျတောင်အနီး လမ်းလျှောက်လာစဉ် ဆယ်ကျော်သက် အရွယ်လူငယ် ၅ ဦးမှ ဆိုင်ကယ်နှင့်ရောက်လာပြီး လက်ကိုင်ဖုန်းကို လုယက် ထွက်ပြေးသွားကြောင်း သတင်းရှိသည်။
‘‘ သူတို့အဖွဲ့ထဲမှာ ဆိုင်ကယ်တစ်စီးကျန်ခဲ့တယ်။ အဲဒီဆိုင်ကယ်ကို ပြန်လာယူစဉ်မှာ ငါးဦးစလုံးကို ဖမ်းဆီးမိတယ်။ ငါးဦးလုံး အသက် တစ်ဆယ်ကျော်အရွယ်တွေပါ။ အားလုံး ကျောက်ဖြူ တောင်ရင်းကပါ’’ဟု ကျောက်ဖြူမြို့မရဲစခန်းမှ အရာရှိ တစ်ဦးကပြောသည်။
၎င်းလူငယ် ငါးဦးကို လုယက်မှု ပုဒ်မ ၃၈၂ဖြင့် အမှု ဖွင့်အရေးယူဆောင်ရွက်ထားပြီး ဒုရဲအုပ်လှမိုးက အမှု စစ်အဖြစ်ဆောင်ရွက်ထားကြောင်း၎င်းရဲအရာရှိက ပြောသည်။
မေလ ဒုတိယအပတ်က ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက် ခိုင်ဆေးဆိုင်အနီး ဖြတ်လမ်းတွင် လုယက်ခံရသူ ဒေါ်နှင်းနှင်းလွင်က ‘‘ ကျမတို့ ညီအစ်မနှစ်ယောက် လမ်းလျှောက်လာတယ်။ ညပိုင်း(၈)နာရီလောက်ရှိပြီ။ ဆိုင်ကယ်သုံးယောက်စီးပြီး လက်မှာကိုင်ထားတဲ့ ဖုန်းကိုလာဆွဲတယ်။ ကျမဖုန်းကို ဆုပ်ကိုင်ထားတော့ ပါမသွားခဲ့ဘူး။ လုတယ်အော်လိုက်တော့ ထွက်ပြေးသွားတယ်။ သူတို့ နောက်တစ်ခေါက် ပြန်လာသေးတယ်။ ရှေ့ကိုဆက်သွားမလားဆိုပြီး အခြေအနေကို လာကြည့်ပုံပေါ်တယ်။ ကျမ အဲဒီအနားမှာနေတယ်ဆိုတာ သိပုံမပေါ်ဘူး။ သုံးယောက်လုံးက ဆယ်ကျော်သက်အရွယ်တွေပါ။ ပစ္စည်းပါမသွားတော့ ရဲစခန်းမှာလည်း မတိုင်ဖြစ်လိုက်ဘူး’’ ဟုသူမကပြောသည်။
ကျောက်ဖြူပညာရေးကောလိပ်တွင် လာရောက်ကျောင်းတက်နေသူ မင်းပြားမြို့မှ ကျောင်းဆရာနှစ်ဦးထံမှလည်း မေလ(၂၅)ရက်နေ့ ည(၁၁)နာရီအချိန်ခန့် မြို့အဝင် ကမ်းခြေအနီးတွင် ထိုင်နေစဉ် လက်ကိုင်ဖုန်းနှင့် ငွေကြေးလူယူခံရကြောင်း သိရသည်။
‘‘ သူတို့ ဖုန်းနဲ့ငွေအလုခံရတော့ လက်ကို ပြန်ဆွဲတယ်လို့သိရတယ်။ လုတဲ့သူက ကွပ်စူးနဲ့ လက်မောင်းကို နှစ်ဦးလုံးကို ထိုးသွားတယ်။ ဒဏ်ရာတော့အများမရခဲ့ဘူး။ သူတို့က လူကိုတော့မမှတ်မိဘူး။ စာမေးပွဲဖြေခါနီး အိမ်ပြန်ခါနီးဆိုတော့ အမှုလည်း မဖွင့်ခဲ့ဘူး’’ဟု ရဲအရာရှိတစ်ဦးကဆိုသည်။
ဇွန်လ(၂)ရက်နေ့ကလည်း ည(၈း၁၅)နာရီခန့်အချိန် ညီအစ်မနှစ်ဦး အရာရှိ ရပ်ကွက်မှ ဆေးရုံသို့ ထမင်းပို့ရန် လမ်းလျှောက်လာစဉ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းရုံးအနီးတွင် လက်ကိုင်ဖုန်းနှင့် ငွေအိတ်ကို ဆိုင်ကယ် စီးလာသူ နှစ်ဦးမှ လုယူထွက်ပြေးသွားကြောင်းသိရသည်။ လုယူခံရမှုကြောင့် လက်ကိုင်ဖုန်း(၁)လုံး၊ ရွှေဘောင်ချာ(၄)ခု၊ ငွေ ၅၄၀၀၀ ကျပ်၊ အမ်ပီတီဆင်းကဒ် တစ်ခု ပါသွားကြောင်း ရဲစခန်းမှ တစ်ဆင့် သိရသည်။
ဇွန် ၈ ရက်နေ့ ညနေ ၈ နာရီခန့်ကလည်း အထက(၃)ရှေ့တွင် စက်ဘီး စီးလာသော ထွေအုပ် ၀န်ထမ်း အမျိုးသမီးတစ်ဦး၏ စက်ဘီးရှေ့ခြင်းမှ ပစ္စည်းများကို ဆိုင်ကယ် စီးလာသော လူငယ်နှစ်ဦးက လုယူမှု ဖြစ်ပွားခဲ့ပြီး ပစ္စည်းများ ပါမသွားဟုသိရသည်။
ကျောက်ဖြူမြို့ခံတစ်ဦးဖြစ်သူ ကိုအောင်လင်းခိုင်က ‘‘ ခုလို လုယက်ရတဲ့ အကြောင်း အရင်းတွေကတော့ အများကြီးပါပဲ။ အဓိက မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ဆက်စပ် နေတယ်။ WY နဲ့ ဖမ်းဆီးမိသူတွေကို အသက်မပြည့်လို့ ထောင်ကို မပို့ဆိုတာကို သူတို့ကသိပါတယ်။ နောက်ပြီး ပြည်ထဲရေးက ဖိဖိစီးစီး မလုပ်တာလည်းပါပါတယ်။ ပထမအကြိမ်ကျူးလွန်ပြီး လွတ်မြောက်နေရင် နောက်ထပ် အကြိမ်ကြိမ် ကျူးလွန် ဖို့လဲ ၀န်မလေးတော့ဘူး။ အဲဒါကို သိထားတဲ့ နောက်လူတွေကလည်း ကျူးလွန် လာမယ်’’ ဟု သူရဲ့အမြင်ကို ပြောသည်။
အခုလို အုပ်စုဖွဲ့သောင်းကျန်းမှု များ တစ်နေ့ထက်တစ်နေ့ တိုးပွားလာ၍ ထိထိ ရောက်ရောက် အရေးမယူလျှင် ပြသနာပိုကြီးလာနိုင်ကြောင်း မြို့ခံတွေကြားမှာ ဝေဖန်ပြောဆိုနေကြသည်။







