မေလ ၁၅ ရက်နေ့က တတိယအကြိမ်မြောက် ဆန္ဒဖေါ်ထုတ်မှုကို ပြုလုပ်ခဲ့ပြီးနောက် စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးက ဆတ်ရိုးကျ ရပ်ကွက်နှင့် ကျေးတောကျေးရွာမှ လယ်သမားများကို အစိုးရရုံးသို့ ခေါ်ယူပြီး လယ်တစ်ဧကကို ကျပ်သိန်း ၃၀ လျော်ကြေးပေးရန် ညှိနှို်င်းခဲ့သော်လည်း လယ်သမားများက သဘောမတူဘဲ သိမ်းဆည်းပြီး အသုံးမပြုရသေးသည့် လယ်မြေများကို လယ်သမားများထံသို့ ပြန်ပေးရန်နှင့် အဆောက်အဦဆောက်လုပ်ထားသည့် လယ်မြေများအတွက် လက်ရှိကာလပေါက်စျေးအတိုင်း ပေးရန် တောင်းဆိုခဲ့ကြသည်ဟု သိရသည်။
“ပြည်နယ်အစိုးရ အနေနဲ့ လယ်သမားတွေအပေါ်မှာ စေတနာထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဆတ်ရိုးကျ ရပ်ကွက် စက်မှုဇုန်မြေကွက်မှာ ဖြစ်နေတဲ့ မြေစျေးနှုန်းတွေကတော့ တစ်ဧကကို ကျပ်သိန်း ၁၅၀၀ လောက် စျေးပေါက် နေပါတယ်။ အဲ့ဒါကြောင့် ကျပ်သိန်း ၃၀ ပေးမယ်ဆိုတာကို လယ်သမားတွေ သဘောမတူခဲ့ရတာဖြစ်ပါတယ်”ဟု ဦးရန်မျိုးအောင်က ပြောသည်။
၎င်းနောက်ပိုင်း စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်နှင့် ကျေးတောကျေးရွာမှ လယ်သမား ၂၀ ကျော် သည် လယ်ယာမြေများပြန်လည် ရရှိရေးအတွက် ဇွန်လ ၉ ရက်နေ့က စတုတ္ထအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
၎င်း ဆန္ဒထုတ်ဖေါ်ပွဲကို ဇွန်လ ၉ ရက်နေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ်ခန့်က ပြုလုပ်ခဲ့သည်။
“ ကျွန်တော်တို့ စက်မှုဇုန်မြေကွက်မှာ ကျွန်တော်တို့ လယ်သမားတွေရဲ့ အဖိုးအဖီး အစဉ်အဆက်ကတည်းက တရားဝင် နိုင်ငံတော်အစိုးရရဲ့ ပြေစာနဲ့ လုပ်စားလာတဲ့ လယ်မြေကို စက်မှုဇန်လုပ်ဖို့ ဆိုပြီးတော့ ၁၉၉၂-၉၃ မှာ သိမ်းယူခဲ့ပါတယ်။ သိမ်းယူခဲ့တဲ့ လယ်မြေတွေကို နိုင်ငံတော်ရဲ့ စီးပွားရေး တိုးတက်လာမယ့်ကိစ္စကို ဆောင်ရွက်မယ်၊ အဆောက်အဦတွေဆောက်မယ်၊ လုပ်ငန်းတွေ လုပ်မယ်ဆိုရင် ကျနော်တို့ ၀မ်းသာပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ စက်မှုလုပ်ငန်းတွေ လုံးဝမဖြစ်လာဘဲနဲ့ နေအိမ်တွေဆောက်လုပ်လာတဲ့အတွက် မကျေနပ်လို့ ဒီလိုမျိုး ဆန္ဒဖေါ်ထုတ်ရခြင်းဖြစ်ပါတယ်”ဟု ဆတ်ရိုးကျရပ်ကွက်မှ လယ်သမား ဦးရန်မျိုးအောင်က မီဒီယာသို့ ပြောသည်။
လယ်သမားများက သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ၂၀၁၆ ခုနှစ် သြဂုတ်လ အတွင်းတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဟောင်းထံ အသနား ခံစာတင်ထားခဲ့ကြောင်း၊ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးထွန်းနိုင်ဝင်း ကလည်း ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ နေ့စွဲဖြင့် သိမ်းဆည်းခံ လယ်ယာ မြေများတွင် မြေပြုပြင်ခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ အဆောက်အဦ ဆောက်လုပ်ခြင်း မပြုလုပ်ရန် နှင့် မလိုက်နာသူများကို ဥပဒေအတိုင်း အရေးယူ ဆောင်ရွက် သွားမည်ဟု ညွှန်ကြာစာ ထုတ်ထားသည်ဟု သိရသည်။
ယင်းသို့ ညွှန်ကြားစာ ထုတ်ထားစေကာမူ ယခုလက်ရှိတွင် မြေဖို့ခြင်း၊ ခြံစည်းရိုး ခတ်ခြင်းနှင့် အဆောက်အဦများ ဆောက်လုပ်ခြင်းကို ဆက်လက်ပြုလုပ်နေကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များက လျစ်လျူရှုထားပြီး တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်နေသည်ကို မတွေ့ရှိရသေးကြောင်း လယ်သမားများထံမှ သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် လက်ရှိပြည်နယ် ၀န်ကြီးချုပ် ဦးညီပုထံ ထပ်မံပြီး အသနားခံခဲ့ရာ ၀န်ကြီးချုပ်က နှုတ်အမိန့်ဖြင့် လယ်သမားများအား ပြောကြားရာတွင် အကယ်၍ လက်ရှိမြေကွက်များတွင် ခြံမခတ်ရသေးလျှင် လယ်သမားများအနေဖြင့် မိမိတို့ ဦးပိုင်ဖြင့် ကွင်းအမှတ်နှင့် တရားဝင်ပြေစာရှိလျှင် ခြံခတ်ကြရန် မှာကြားထားသည်ဟု ဆိုသည်။
ယင်းသို့ ၀န်ကြီးချုပ်က နှုတ်အမိန့်ဖြင့် ပြောကြားခဲ့ပြီးနောက် လယ်သမားများက ခြံမခတ်ရသေးသည့် ၄င်းတို့ပိုင် မြေကွက်များကို ခြံခတ်ကြရာ အဆိုပါမြေကို ၀ယ်ယူထားသူများက ခြံစည်းရိုးများကို ဖျက်ဆီးခြင်း၊ အသက်အန္တရာယ်ကို ခြိမ်းခြောက် ခြင်းများ ပြုလုပ်မှုကို ခံနေကြရသည်ဟု လယ်သမားများက ပြောသည်။
“ဒီလိုမျိုး စက်မှုဇုန်အတွက် မြေယာသိမ်းဆည်းထားပြီး တစ်ဆင့်ခံ ရောင်းဝယ် ထားမှုတွေ ဖြစ်ပေါ်နေရတဲ့ ပြဿနာကို ဒီနေ့ထက်ထိ ပြေလည်အောင် မဖြေရှင်း နိုင်သေးတာကတော့ အဂတိ လိုက်စားမှုတွေ ဖြစ်ပေါ်နေပြီး မြေယာပိုင်ဆိုင်မှုတွေမှာ ယခင်အစိုးရလက်ထက်က အစိုးရအာဏာပိုင်တွေ ပါ၀င်နေသလို လွှတ်တော်ဥက္ကဋ္ဌ ဟောင်းတွေ၊ လက်ရှိလွှတ်တော်ဥက္ကဋ္ဌတွေ၊ ခရိုနီတွေ အကျင့်ပျက်ဝန်ထမ်းတွေက ပိုင်ဆိုင်ထားတဲ့အတွက် ဖြစ်တယ်လို့ သုံးသပ်မိပါတယ်”ဟု ဦးရန်မျိုးအောင်က ပြောသည်။
အဆိုပါ လယ်ယာမြေပြဿနာကို လက်ရှိအစိုးရအနေဖြင့် တာဝန်အသိစိတ်ဖြင့် တာဝန်ခံ၊ တာဝန်ယူပြီး ဖြေရှင်းပါက လွယ်လွင့်တကူ ဖြေရှင်းနိုင်မည်ဟု ဆိုသည်။
ယနေ့ ဆန္ဒထုတ်ဖေါ်ခြင်းသည် ဆတ်ရိုးကျ ရပ်ကွက်နှင့် ကျေးတော ကျေးရွာမှ လယ်သများများ၏ စတုတ္ထအကြိမ် ဆန္ဒထုတ်ဖေါ်ခြင်းဖြစ်ပြီး၊ ဆန္ဒထုတ်ဖေါ်ရာတွင် သိမ်းဆည်းခံ “လယ်ယာမြေများပြန်လည်ရရှိရေး၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ နှုတ်ထွက်ပေးရေး၊ အဂတိလိုက်စားသူများကို အရေးယူပေးရေး” ကြွေးကြော်သံ များဖြင့် ဆတ်ရိုးကျ ခွဆုံမှ စစ်တွေမြို့နယ် စုပေါင်းရုံးအထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြပြီး လယ်သမား ၂၀ ခန့် ပါ၀င်ဆန္ဒပြခဲ့ကြသည်။
လယ်ယာမြေ သိမ်းဆည်းခံ လယ်သမားများအနေဖြင့် ထိုင်ပြီး ဆန္ဒထုတ် ဖေါ်ခြင်းများကို စနေ၊ တနင်္ဂနွေနှင့် တနင်္လာနေ့များတွင် ဆတ်ရိုးကျ ခွဆုံတွင် ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။
၁၉၉၂-၉၃ တွင် စက်မှုဇုန်တည်ဆောက်ရေးအတွက် မြေယာများ သိမ်းယူခဲ့ရာတွင် ဆတ်ရိုးကျ ရပ်ကွက်နှင့် ကျေးတောကျေးရွာမှ လယ်သမား ၂၇ ဦးထံမှ မြေဧက ၁၆၀ ပါ၀င်ကြောင်း၊ အဆိုပါလယ်မြေများတွင် ၂၀၁၅ ခုနှစ် မတ်လမှစ၍ ခြံစည်းရိုးများ ခတ်လာကြခြင်းဖြစ်သည်ဟု လေ့လာသိရှိရသည်။







