မိုရာမုန်တိုင်းကြောင့် မောင်တောမြို့နယ်တွင် ကျောင်းဆောင်ပေါင်း ၂၀၀ ကျော် ပျက်စီး

မိုရာမုန်တိုင်းကြောင့် မောင်တောမြို့နယ်တွင် ကျောင်းဆောင်ပေါင်း ၂၀၀ ကျော် ပျက်စီး
by -
နိရဥ္စရာ
မေလကုန်ပိုင်းက တိုက်ခတ်ခဲ့သည့် မိုရာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် မောင်တော မြို့နယ်တွင် စာသင်ကျောင်း အဆောင်ပေါင်း ၂၀၀ ကျော်ပျက်စီးပြီး ၎င်းအထဲတွင် လုံးဝပျက်စီးသွားသည့် ကျောင်းဆောင်မှာ ၃၀ ခန့်ရှိကြောင်း မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ ဇွန်လ ၃ ရက်နေ့ထိ စာရင်းအရတော့ စာသင်ကျောင်းဆောင်၂၁၇ ဆောင် ပျက်စီးခဲ့ရပါတယ်။ ရ၅ ရာခိုင်နှုန်းလောက် ပျက်စီး ဆုံးရှုံးခဲ့ရတာပါ။ လုံးဝ ပျက်စီးသွားပြီး ပြန်ဆောက်ရမည့် အနေအထားရှိတဲ့ ကျောင်းဆောင်ကတော့ ၃၀ လောက်ရှိပါတယ်။ နောက်ထပ်လည်း တောတောင်ကြားတွေမှာရှိတဲ့ ကျောင်းတွေလည်း ပျက်စီးမှုတွေ ရှိနိုင်ပါသေးတယ်”ဟု သူက ပြောသည်။

ယင်းသို့ ကျောင်းဆောင်များ ပျက်စီးသွားသည့်အတွက် ကျောင်းတက်ရန် အဆင်မပြေသည့်ကျောင်းများ ရှိနိုင်ကြောင်း၊ ကျောင်းအများအပြားတွင် ပညာသင်ကြားမှု ရပ်တန့် မသွားစေရန် အတန်းများကို မနက်တစ်ချိန်၊ နေ့လယ် တစ်ချိန် ၂ သုတ်ခွဲ၍ တက်နိုင်ရန် စီစဉ်ထားကြောင်း ဆိုသည်။

“စာသင်ဆောင်တွေ ပြုပြင်ပြီးစီးအောင်ထိ ဆိုရင် ၁ လ လောက်ကြာချင်ရင်လည်း ကြာနိုင်ပါတယ်။ မောင်တော အထကမှာဆိုရင် ကျောင်းဆောင် ၁၁ ဆောင်လောက်ရှိတဲ့အထဲ ပျက်စီးသွားတာက ၅ ဆောင်၊ ၆ ဆောင်လောက်ဆိုတော့ ကျန်ရှိနေတဲ့ ကျောင်းဆောင်တွေမှာ မလောက်ငှရင် မနက်နဲ့ နေ့လယ် အချိန် ၂ သုတ် ခွဲလို့ တက်ပါမယ်”ဟု ဆရာကြီး ဦးခင်အောင်က ပြောသည်။

ကျောင်းဆောင် လုံးဝပျက်စီးသွားသည့် တိုင်းရင်းသားကျေးရွာများတွင် ဘုန်းတော်ကြီးကျောင်းများတွင် စာသင်၍ ရနိုင်သည်ဟု ဆိုသည်။

မောင်တောမြို့နယ် မြောက်ပိုင်း နံသာတောင်ပရဟိတ ပညာသင်ကျောင်းတွင်လည်း ကျောင်းသားနှင့် ကျောင်းသူ အဆောင်များ၏ ခေါင်မိုးများ ပွင့်ထွက်သွား၍ စာသင်ဆောင်များတွင် အိပ်နေကြရသဖြင့် ကျောင်းသားများ စာမသင်ရဖြစ်နေသည်ဟု သိရသည်။

“အမျိုးသမီးအိပ်ဆောင်၊ ကျောင်းသူအိပ်ဆောင်၊ ကျောင်းသားအိပ်ဆောင်၊ ကျေင်းသားရေချိုးခန်းနဲ့ ကျောင်းသူရေချိုးခန်းတွေရဲ့ ခေါင်မိုးတွေ အားလုံးပွင့်ထွက်သွားတော့ ကျောင်းသားတွေ နေရေထိုင်ရေး အခက်အခဲဖြစ်နေပါတယ်။ အခုလောလောဆယ် ကျောင်းသား ကျောင်းသူတွေ စာသင်ဆောင်တွေမှာ နေနေရတော့ စာသင်တာတွေကို ရပ်ထားရပါတယ်”ဟု နံသာတောင် ပရဟိတ ကျောင်းထိုင်ဆရာတော် ဦးစာရဏက နိရဥ္စရာ သတင်းဌနသို့ ပြောသည်။

ယင်းသို့ ကျောင်းဆောင်ပျက်စီးမှုနှင့်ပတ်သက်၍ မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက စာရင်း လာကောက်မှု မရှိသေးကြောင်း၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနသို့ တင်ပြထားကြောင်း၊ သူတို့ အနေဖြင့် အတတ်နိုင်ဆုံး အကူအညီပေးမည်ဟု အကြောင်း ပြန်ကြားထားကြောင်း သိရသည်။

သို့သော် ယခုအချိန်ထိ မည်သည့်အကူအညီမှ မရရှိသေးသဖြင့် လူနေဆောင်များကို မပြုပြင်နိုင်ဘဲ ဖြစ်နေ၍ ကျောင်းသားများအတွက် ပညာရေးကို ထိခိုက်နေကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့် သော်လည်းကောင်း၊ ပုဂ္ဂလိက အလှူရှင်များ အနေဖြင့်သော်လည်းကောင်း အမြန်ဆုံး အကူအညီ ပေးစေချင်သည်ဟု ဆိုသည်။

မောင်တောမြို့နယ် မြောက်ပိုင်း နံသာတောင် ပရဟိတ ပညာသင်ကျောင်းတွင် ၂၀၁၇-၂၀၁၈ ပညာ သင်နှစ်အတွက် မောင်တောမြို့နယ်တဝိုက်မှ တိုင်းရင်းသားအသီးသီး၏ ဆင်းရဲသား မိသားစုများထဲမှ ပညာလာရောက် သင်ယူကြသည့် ကျောင်းသူ ကျောင်းသား မူလတန်းမှ တက္ကသိုလ်ဝင်တန်းထိ စုစုပေါင်း ၅၀၀ ကျော်နှင့် ဆရာ ဆရာမ ၁၇ ဦးရှိကြောင်းသိရသည်။

မေလ ၂၉ နေ့ညမှ ၃၀ ရက်နေ့နံနက်ထိ ရခိုင်ပြည်နယ်ကို ဖြတ်သန်းတိုက်ခတ်ခဲ့သော မိုရာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနှင့် မြေပုံမြို့နယ်များတွင် လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် အခြား အဆောက်အဦများ အများအပြား ပျက်စီး ဆုံးရှုံးခဲ့ရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...