ယင်းပြိုင်ပွဲသို့ ကျောင်းသူကျောင်းသူ ၁၂၀ ကျော် လာရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို လူငယ်များအနေဖြင့် မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ်ကို ပိုမို သိရှိနားလည်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ၀င်းနောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
“ကလေးတွေ မူးယစ်ဆေးဝါး လမ်းကြောင်းပေါ် ရောက်သွားပြီဆိုတာကို ပထမဦးဆုံး သိကြတာက ပထမဆုံး အပေါင်းအသင်း သူငယ်ချင်း၊ ပြီးလို့ရှိရင် နောက်တစ်ခါ မိဘ၊ ပြီးရင် ရပ်ကွက်ထဲမှာ နေကြတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ဒီအသိုင်းအဝိုင်းတွေက အရင်ဆုံး အစောဆုံးသိပါတယ်။ ကျွန်တော်တို့ ဖမ်းဆီးရမယ့် အဖွဲ့တွေကျတော့ သူတို့ သုံးစွဲနေပြီးတော့ တွင်တွင်ကျယ်ကျယ် လုပ်လာပြီးနောက်ပိုင်းမှ သိရတာပါ”ဟု ဒုရဲမှူးကြီး ၀င်းနောင်က ပြောကြားသည်။
ရဲတပ်ဖွဲ့အနေဖြင့် လူငယ်များ မူးယစ်ဆေးဝါးသုံးနေမှုကို နောက်ကျပြီးမှ သိရသည့်အတွက် တားဆီးမှုအပိုင်းကို ပြုလုပ်ရန် နောက်ကျသွားပြီဖြစ်ကြောင်း၊ တားဆီးမှုအပိုင်းကို အယင်ဆုံးလုပ်နိုင်မှ လူငယ်များအတွက် ပိုပြီး အကျိုးရှိမည်ဖြစ်ကြောင်း၊ မိဘနှင့် ဆွေးမျိုးများက ၄င်းတို့၏ တူ သားသမီးများ မူးယစ်ဆေးဝါး သုံးစွဲမှုကို သိသည့်နှင့် ချက်ချင်း သက်ဆိုင်ရာကို သတင်းပေးရန် လိုအပ်သည်ဟု ဆိုသည်။
“သတင်းပေးလိုက်လို့ သားသမီးတွေ တူတွေ ပြဿနာတစ်စုံတစ်ရာ တက်မှာကို တွေးပူမနေဘဲ သူတို့ကို စောစောစီးစီး မူးယစ်ဆေးဝါးနွံထဲက နေပြီးတော့ အမြန်ဆုံးကယ်ထုတ်နိုင်ဖို့ရန်အတွက် ရဲတပ်ဖွဲ့တွေအနေနဲ့ ရှေ့ဦးစွာဆောင်ရွက်ပေးပါမယ်”ဟု ဒုရဲမှူးကြီး ၀င်းနောင်က ပြောသည်။
လူငယ်ထုကြားတွင် လက်တေ့စမ်းချင်မှုများကြောင့် မူးယစ်ဆေးဝါများကို စတင်သုံးစွဲဖြစ်ကြကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု မရှိရအောင် ရွပ်ကွက်နေပြည်သူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ၀ိုင်းဝန်းလုပ်ဆောင်သင့်သည်ဟု ဆိုသည်။
“စစ်တွေခရိုင်အတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှု အရေအတွက်ကို သီးခြားကောက်ထားတာတော့ မရှိဘူး။ ကျွန်တော်တို့ ရောင်းဝယ်မှုနှုန်းတွေ၊ ဒီမူးယစ်ဆေးဝါး မိလာတဲ့ နှုန်းတွေနဲ့ နောက်တစ်ခါ ကျောင်းတွေမှာ ပြောနေကြတဲ့ ဟာမျိုးတွေကျတော့ ပိုများလာတာကို တွေ့ရပါတယ်”ဟု စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူးက ပြောသည်။
လူငယ်ထုကြား မူးယစ်ဆေးဝါး သုံးစွဲမှု လျော့ကျလာစေရန်နှင့် သုံးစွဲမှု ပပျောက်လာစေရန်အတွက် ရဲတပ်ဖွဲ့အနေဖြင့် ပညာပေးလုပ်ငန်းနှင့် တားဆီးနှိမ်နင်းရေးများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်သွားစေရန် စာသင်ကျောင်းများ၌ စာကြည့်တိုက်များ ထားရှိရန် လိုအပ်ပြီး၊ ကျောင်းတွင်းအားကစား ပြိုင်ပွဲများကို များများပြုလုပ်ပေးရန်လိုအပ်ကြောင်း စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ၀င်းနောင်က အကြံပြုပြောကြားသည်။







