တောင်ကုတ်-ပန်းတောင်းလမ်းရှိ ပွိုင့် ၅၀၀ ကုန်းနဲ့ လေလာတောင်အနီး တိုက်ပွဲပြင်းထန်နေ

တောင်ကုတ်-ပန်းတောင်းလမ်းရှိ ပွိုင့် ၅၀၀ ကုန်းနဲ့ လေလာတောင်အနီး တိုက်ပွဲပြင်းထန်နေ

ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏  ပွိုင့် ၅၀၀ ကာကင်းစခန်းကုန်း အနီးဝန်းကျင်နှင့် လေလာတောင်ကိုစစ်အင်အားဖြည့်ပြီး‌နောက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ကပစ(၁၆)အနီးက ပွိုင့် ၅၀၀ စခန်းကုန်းနှင့်အနီးဝန်းကျင်ရှိ ကာကင်းစခန်းတချို့ကို ဧပြီ ၂၄ ရက်နေ့က စစ်တပ်ကအင်အား ၂၀၀ လောက်ဖြည့်တင်းပြီးနောက် ဧပြီ ၂၅ ရက်နေ့တွင်စစ်ကြောင်းထိုးသဖြင့် တိုက်ပွဲပြင်းထန်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာ ကိုပြောသည်။

"အင်အားတွေက ကပစ(၁၆)ကနေလာတဲ့အင်အားတွေ ၂၀၀ဝန်းကျင်လောက်ရှိမယ်။ အဲ့ဒီစစ်အင်အားတွေကို ပွိုင့် ၅၀၀နဲ့အနားက ကာကင်းစခန်းတွေကိုဖြည့်ပြီး နောက်နေ့မှာ တိုက်ပွဲဖြစ်တာ" ဟုပြောသည်။

၎င်းအပြင် အာရက္ခတပ်တော်(AA)သိမ်းထားသည့် ရိုးပေါ်ရှိ ညောင်ကျိုးနှင့် တစ်မိုင်ကျော် လေလာတောင်တွင်လည်း အင်အား ၁၀၀ခန့်ဖြည့်ပြီး ညောင်ကျိုးကိုဦးတည်စစ်ကြောင်းထိုးနေသည်ဟုသိရသည်။

" လေလာတောင်ဖက်မှာတော့ ဆင်လမ်စခန်းကနေဖြည့်တာ။ အင်အားတခါဖြည့်တိုင်း စစ်ကြောင်းထိုးတယ်။ AA ဖက်ကလည်း နယ်မြေတွေအလွယ်တကူအပါမခံတော့ ကြားဖြတ်တိုက်တယ်။AA စနိုက်ဘာတွေနဲ့ပစ်လို့ စစ်တပ်ကအထိနာတာသေတာတွေပုံမှန်ရှိတယ်" ဟု ပြောသည်

အခုလိုအင်အားဖြည့်စစ်ကြောင်းထိုးလာသော်လည်း စစ်ကော်မရှင်တပ်သားများသည် လေလာတောင်နှင့်ကပစ ၁၆ ပတ်ဝန်းကျင်တွင် အကျအဆုံးများနေပြီးရှေ့သို့တပ်မရောက် ဖြစ်နေသည်ဟု သူကဆက်ပြောသည်။

“ ရိုးမတောင်က မြင့်တယ်လေ။ မတ်စောက်တက်ရတာတွေရှိတယ်။ သစ်ပင်တွေနဲ့ တောအုပ်တွေထူထပ်တယ်။ ကားနဲ့တောင် တက်ဖို့ မလွယ်ဘူး။ လူချည်းသက်သက်တက်ရင် AA နဲ့ ပူးပေါင်းတပ်တွေက အပေါ်စီးက ချတော့ စစ်တပ်က အသေအပျောက်များပြီး နောက်ဆုတ်ရတယ်။ စစ်ပွဲဆိုတာက မြေပိုင်ဖို့လည်း အရေးကြီးတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ်လအတွင်းက အကြမ်းဖက်စစ်ကော်မရှင်၏ စစ်ကြောင်းများနှင့် အာရက္ခတပ်တော်ဦးဆောင်သည့်ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ပွဲမှာ ကပစ(၁၆)နှင့် ၃မိုင်အကွာအနီးထိ ဖြစ်ပွားခဲ့သည်ဟု သိရသည်။  

 AA ၏ စနိုက်ဘာလက်ချက်အပါအဝင် ဒရုန်းနှင့်တိုက်ခိုက်မှုများကြောင့်  တိုက်ပွဲအတွင်း စစ်တပ်ဖက်မှအထိနာကျဆုံးမှုများသဖြင့် ကပစ(၁၆)တည်ရှိရာ မသုန်ရွာအပါအဝင် အနီးဝန်းကျင်ကို ကာကင်းစခန်းများပြုလုပ်ကာ အင်အားတိုးချဲ့ချထားကြောင်း မြေပြင်ဒေသခံများက ပြောသည်။

ယင်းနောက်အကြမ်းဖက်စစ်ကော်မရှင်ဖက်က (AA)နှင့်ပူး ပေါင်းတော်လှန်ရေးတပ်တို့၏ ရန်ကို ကြောက်ကာ ကပစ (၁၆) ဝန်းကျင်ရှိတော၊တောင်နေရာတချို့ကို လေကြောင်းမှ ဗုံးကြဲကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...