မောင်စာဂ — ရခိုင်မျိုးနွယ်စုဝင် ခမီလူမျိုးတို့၏ ၁၆ ကြိမ်မြောက် အမျိုးသားနေ့အခမ်းအနားကို ရန်ကုန်အပါအဝင် ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် ဧပြီလ ၂၆ ရက်(တနင်္ဂနွေနေ့)က တပြိုင်တည်းကျင်းပခဲ့ကြသည်ဟု သိရသည်။
ရန်ကုန်တွင် ရွှေပြည်သာမြို့နယ်ရှိ မြို့ဦးစေတီ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်ရောက် ခမီလူမျိုးများအပါအဝင် ရခိုင်၊ မြို၊ သက္ကမ၊ ချင်းစသည့် လူဦးရေ ၁ဝဝဝ ခန့် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
အလားတူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အုန်းနွဲ့ ဖိကစင်(122)လမ်း လင်မလိုင်းခမ်းမတွင်ကျင်းပခဲ့သည့်အဆိုပါအခမ်းအနားကိုလည်း လူဦးရေ ၆ဝဝ ခန့် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
မလေးရှားနိုင်ငံ၊ မွှားမြို့နယ်၊ ပါကရီနယ်မြေရှိ Wa-23 စက်ရုံသစ်တွင်ပြုလုပ်သည့်အခမ်းအနားတွင်လည်း လူဦးရေ ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
အဆိုပါအခမ်းအနားများတွင် ခမီရိုးရာအကတေးသရုပ်ဖော်များ၊ ခမီလူမျိုးတို့၏ ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကို ဖော်ပြခြင်းနှင့် ရခိုင်ရိုးရာ အကအလှများဖြင့် ဖြေဖျော်တင်ဆက်ခဲ့ကြသလို ရိုးရာအစားအစာများဖြင့်လည်း တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြသည်ဟု သိရသည်။
ဘန်ကောက်တွင်ကျင်းပခဲ့သည့် အခမ်းအနားဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြိုင်က “ထိုင်းနိုင်ငံရောက် ခမီလူငယ်မောင်မယ်တွေ အမျိုးသားရေးအသိစိတ် မိမိတို့လူမျိုးတို့ရဲ့ စာပေယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့တွေကို ထိန်းသိမ်းတတ်လာရေး စည်းလုံးညီညွတ်တာကို ဖော်ဆောင်တတ်စေဖို့ အဓိကကျင်းပရခြင်းဖြစ်ပါတယ်”ဟု နိရဉ္စရာကို ပြောသည်။
အာဏာသိမ်းစစ်တပ်၏ လေကြောင်းအန္တရာယ်ကြောင့် အဆိုပါခမီအမျိုးသားနေ့အခမ်းအနားကို ရခိုင်ပြည်အတွင်း လွတ်မြောက်နယ်မြေတစ်ခုတွင်လည်း ဧပြီလ ၂၇ ရက်၌ အကျဉ်းချုံးကျင်းပလျက်ရှိသည်ဟုလည်း သူက ဆိုသည်။
“ဒီနေ့အချိန်ဟာ အာရက္ခပြည်ဟာ အခက်ခဲအကျပ်တည်းကြားမှာ ရင်ဆိုင်နေရတဲ့အချိန်အခါလည်းဖြစ်ပါတယ်။ အာရက္ခပြည်မှာနေထိုင်ကြတဲ့ အာရက္ခပြည်သူ/သားအားလုံးဟာ စစ်ဘေးဒဏ်ကိုခံနေရတဲ့အချိန်လည်းဖြစ်တယ်။ ခမီအမျိုးသားနေ့ကို စည်းကားသိုက်မြိုက်စွာကျင်းပချင်ပေမယ့် မပျော်အားပါဘူး”ဟု ပြောသည်။
ခမီအမျိုးသားနေ့သည် ဧပြီလ ၂၇ ရက်တွင်ကျရောက်သော်လည်း ဧပြီလ ၂၆ ရက်(တနင်္ဂနွေနေ့)သည် ရန်ကုန်အပါအဝင် ထိုင်းနှင့် မလေးရှားနိုင်ငံတွင် အလုပ်ပိတ်ရက်ဖြစ်သည့်အတွက် ယင်းနေ့တွင်ကျင်းပခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
၁၆ ကြိမ်မြောက် ခမီအမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဘောလုံးပြိုင်ပွဲတစ်ခုကိုလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖိကစင်(91)လမ်းကြားရှိ အုန်းပင်ဘောလုံးကွင်းတွင် ပြီးခဲ့သည့် မတ်လ ၂၉ ရက် (တနင်္ဂနွေနေ့)တွက် ထိုင်းရောက် ခမီလူမျိုးတို့က ဦးဆောင်ကျင်းပခဲ့သေးသည်။
ရခိုင်မျိုးနွယ်စုဝင်ဖြစ်သော ခမီလူမျိုးတို့သည် ရခိုင်ပြည်နယ်အတွင်း အမ်း၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ပေါက်တော၊ ရသေ့တောင်စသည့် မြို့နယ်တို့တွင် စုစုပေါင်း လူဦးရေ ရှစ်သောင်းကျော်ခန့် နေထိုင်ကြသည်ဟု သိရသည်။
ခမီလူမျိုးတို့ကို ယခင်က ခမွီး၊ ခမွေး၊ ခမီး၊ ခမီ၊ ချင်းနှင့် တောင်သားစသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ခဲ့ကြသည့်အတွက် "ခမီ"ဟု တစ်မျိုးတည်းသာခေါ်ရန် ၁၉၇၂ ခုနှစ်၊ ဧပြီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် မြောက်ဦးမြို့နယ်၊ လောင်းရှည်ချောင်း (မြို့ဟောင်းမြို့နယ်)၌ ပြုလုပ်ခဲ့သည့် ညီလာခံကြီး၌ မြို့နယ်ပေါင်းစုံမှ ခမီကိုယ်စားလှယ်တို့က တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ယင်းညီလာခံကြီးစတင်ကျင်းပသော ဧပြီ ၂၇ ရက်ကို ခမီအမျိုးသားနေ့အဖြစ်သတ်မှတ်ကာ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်မှစ၍ ခမီအမျိုးသားနေ့အခမ်းအနားအား ခမီလူမျိုးတို့က တခမ်းတနားဖြင့် ကျင်းပလာခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ - ဘန်ကောက်တွင် ၂ဝ၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်ကကျင်းပခဲ့သည့် ခမီအမျိုးသားနေ့အခမ်းအနားမြင်ကွင်းများ။







