တမူထူးခြားသည့် “အမျိုးအဆွေ ရွာလည်ပွဲ” ရမ်းဗြဲကျွန်းတွင် ကျင်းပ

တမူထူးခြားသည့် “အမျိုးအဆွေ ရွာလည်ပွဲ” ရမ်းဗြဲကျွန်းတွင် ကျင်းပ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကုန်ဘောင်ကျေးရွာတွင် တမူထူးခြားသည့်ရိုးရာ ယဉ်ကျေးမှုဓလေ့ ပွဲတော် တစ်ခုဖြစ်သည့် ‘ အမျိုးအဆွေ ရွာလည်ပွဲ’ ကိုဇွန်လ ၃ ရက်နေ့မှ စတင်ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သတင်း ရရှိသည်။

၎င်းပွဲတော်မှာ ရှေးဘိုးဘွားလက်ထက်ကတည်းက ကုန်ဘောင်ကျေးရွာတွင် ကျင်းပလာခဲ့ပြီး အထူးသဖြင့် မိုးရာသီ လယ်ယာလုပ်ငန်း မစတင်မီ ရာသီ ဥတုကောင်းမွန်ချိန်တွင် ယင်းပွဲတော်ကို ကျင်းပ လေ့ရှိကြောင်း ကုန်ဘောင်ရွာမှ ဆရာမ တစ်ဦးဖြစ်သူ ဒေါ်တင်ဥမ္မာသန်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ ဒီပွဲတော်က ကျွန်မတို့ အဖေအမေ ငယ်ငယ်ကတည်းက ကျင်းပလာတာကို တွေ့ရပါတယ်။ ကျွန်မတို့ သိရသလောက် ဟိုယခင်ကတည်းက အဘိုးအဘွားတွေ လက်ထက် ဆင်းသက်လာတဲ့ ပွဲ ဖြစ်ပါတယ်။ ကျွန်မတို့ရွာမှာ အပိုင်း ၄ ပိုင်းရှိပါတယ်။ နှစ်ပိုင်းကို တစ်ဘက်။ တောင်ဘက်ပိုင်းနဲ့ မြောက်ဘက်ပိုင်းဆိုပြီး ခွဲလိုက်ပါတယ်။ ဒီကနေ့ တောင်ဘက်ပိုင်းက မြောက်ဘက်ပိုင်းကို သွားလည်တယ်ဆိုရင် နောက်တစ်နေ့ မြောက်ဘက်ပိုင်းက တောင်ဘက်ပိုင်းကို သွားလည်ရပါတယ်” ဟု ဆရာမ ဒေါ်တင်ဥမ္မာသန်းက ပြောသည်။

ထိုသို့ သွားလည်ရာတွင်လည်း တစ်ပိုင်းလုံးမှ လူမကျန်အောင် သွားလည်ရပြီး မာကြောင်း၊ သာကြောင်း သတင်းသွားမေးရသည်ဟု ဆိုသည်။

“ သွားလည်တဲ့အခါ အိမ်မှာရှိတဲ့ လူတွေ အကုန်လုံးသွားလည်ရပါတယ်။ တစ်အိမ်တက်ဆင်းသွားလာပြီး ကျန်းမာသလား၊ စီးပွားရေး အဆင်ပြေရဲ့လား၊ သားတွေ သမီးတွေဘယ်ရောက်နေကြသလဲ။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသဖြင့် သတင်းမေးကြပါတယ်။ ဒီလို အမျိုးအဆွေ ရွာလည် ပွဲ လုပ်တော့ တစ်ဦးနဲ့ တစ်ဦး၊ တစ်မိသားစုနဲ့ တစ်မိသားစု ချစ်ခင်ရင်းနှီးမှုတွေ ရရှိတော့ ဒီပွဲက အင်မတန်ကို ကျွန်မတို့ ရွာအတွက် အကျိုးရှိစေပါတယ်” ဟု သူမ က ပြောဆိုသည်။

ကုန်ဘောင်ရွာတွင် ပြုလုပ်သည့် အမျိုးအဆွေ ရွာလည်ပွဲ၏ စိတ်ဝင်စားဖွယ်ရာ ထူးခြားချက်မှာ ကလေးက လူကြီး အဝတ်အစားများကို ၀တ်ဆင်ရသလို လူကြီးကလည်း ကလေးများ၏ အဝတ်အစားများကို ၀တ်ဆင်ရကြောင်း၊ အမျိုးသားက အမျိုးသမီး အဝတ်အစားများကို ၀တ်ဆင်ရပြီး အမျိုးသမီးကလည်း အမျိုးသားအဝတ်အစားများကို ၀တ်ဆင်ပြီး ပွဲတော်တွင် ပါ၀င် ဆင်နွဲရသည်ဟု သိရသည်။

“ အကအခုန်လည်းပါတယ်။ အဝတ်အစားတွေ အမျိုးမျိုးဝတ်ဆင်ပြီး အမျိုးအဆွေ ရွာလည်ပွဲမှာ ပါ၀င်ဆင်နွှဲကြရပါတယ်။ လူရိုင်း အဝတ်အစားတွေ ၀တ်သူက ၀တ်ကြပါတယ်။ ဒါအပြင် သနပ်ခါး၊ ပေါင်ဒါ၊ မိတ်ကပ်၊ အိုးမဲကအစ အမျိုးမျိုးကို မျက်နာမှာ လိမ်းကျံရပါတယ်။ ဆံပင်တွေကိုလည်း ပုံစံမျိုးမျိုးပြုလုပ်ပြီး ပါ၀င်ဆင်နွဲကြရပါတယ်။ တစ်ဦးကို တစ်ဦးမမှတ်မိသလို မှတ်မိတဲ့ အခါမှာလဲ တစ်ယောက်ကို တစ်ယောက် ကြည့်ရီရနဲ့ အလွန်စိတ်လူပ်ရှား ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပွဲပါ” ဟု ဆရာမ ဒေါ်တင်ဥမ္မာသန်းက ပြောဆိုသည်။

ရမ်းဗြဲမြို့နယ်မှ ကုန်ဘောင်ရွာသည် အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိသည့် ရွာကြီး တစ်ရွာဖြစ်ပြီး အထက်တန်းကျောင်းရှိကာ အများစုမှာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြခြင်း ဖြစ်သည်။

လယ်ယာလုပ်ငန်းခွင်သို့ ၀င်သွားကြလျှင် ကျေးရွာသားများ အနေဖြင့် တစ်ဦးနှင့် တစ်ဦး ဆုံတွေ့ရန် မလွယ်ကူတော့၍ လယ်ယာလုပ်ငန်း မစတင်မီ အမျိုးအဆွေ ရွာလည်ပွဲကို ရာသီဥတု သာယာသည့် နေ့ရက် နှစ်ရက်ကို ရွေးချယ်ကျင်းပကြခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ကျင်းပသည့် အမျိုးအဆွေရွာလည်ပွဲကို ဇွန်လ ၃ ရက်နေ့က စတင်ကျင်းပခဲ့ပြီး ဇွန်လ ၄ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...