မုန်တိုင်းကြောင့် နစ်မြုပ် ပျက်စီးသွား့သည့် သရက်ချောင်း ကြိုတံတားကို ပြန်လည် ဆယ်ယူရန် ရွာသားများ ကြိုးပမ်းနေ

မုန်တိုင်းကြောင့် နစ်မြုပ် ပျက်စီးသွား့သည့် သရက်ချောင်း ကြိုတံတားကို ပြန်လည် ဆယ်ယူရန် ရွာသားများ ကြိုးပမ်းနေ
by -
နိရဥ္စရာ
 ရေထဲမှ တံတားကို ပြန်လည် ဆယ်ယူနေကြစဉ်/ ဓာတ်ပုံ- နိရဥ္စရာ
ရေထဲမှ တံတားကို ပြန်လည် ဆယ်ယူနေကြစဉ်/ ဓာတ်ပုံ- နိရဥ္စရာ
မေ ၃၀ ရက်နေ့ နံနက်က မိုရာမုန်တိုင်းကြောင့် ပြိုလဲပြီး ရေထဲမြုပ်ပါသွားခဲ့သည့် ရသေ့တောင်မြို့နယ် မယူကမ်း သရက်ချောင်းကျေးရွာမှ ကြိုးတံတားကို ကျေးရွာသားများက ကိုယ််ထူ ကိုယ်ထ ပြန်လည် ဆယ်ယူရန် ကြိုးပမ်းနေကြသည်။

“ ဟုတ်ပါတယ်။ကျွန်တော်တို့က ကိုယ်ထူကိုယ်ထ တံတားကို ပြန်လည် ဆယ်ယူနိုင်အောင် ကြိုးစား နေပါတယ်။ အဓိက တံတားကြိုးလည်း ရေထဲနစ်သွားသလို၊ အခင်းသံပြားတွေလည်း ရေထဲမှာ နစ်သွားပါတယ်။ အခု ကျေးရွာတွင်းက ရေငုတ်သမားတွေနဲ့ ပြန်လည် ဖော်ယူဖို့ ကြိုးစားနေပါတယ်” ဟု ရပ်ရွာ လူကြီး တစ်ဦးဖြစ်သူ ဦးစောလှအေးက ပြောသည်။

ယခင်ကြိုးတံတား ရှိခဲ့စဉ် ကျောင်းသား ကျောင်းသူများသာမက အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူများ အတွက်ပါ လွန်စွာ အကျိုးရှိသော ကြိုးတံတားဖြစ်သဖြင့် တံတားကို ပြန်လည် တည်ဆောက်လို၍ ယခုလို ဖော်ယူရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသည်။

“ ဒီတံတားက ဒီဒေသအတွင်း အလွန်အရေးပါတဲ့ တံတား ဖြစ်ပါတယ်။ အမှန်က ကြိုးတံတားတောင် မဟုတ်ပါဘူး။ ကွန်ကရစ်တံတား အဆင့်တောင်ထိုးပေးသင့်တဲ့ တံတားပါ။ ဒီတံတားကို အသုံးပြုပြီး လောင်းချောင်းကနေ ဟိုဘက အငုံမော်ထိ သွားလာနိုင်သလို မြောက်ဘက်ပိုင်းဆိုရင်လည်း စေတီပြင်၊ ဘူးသီးတောင်ထိ သွားလာနိုင်တဲ့ တံတားဖြစ်တာကြောင့် အလွန်အကျိုးရှိတဲ့ တံတား ဖြစ်ပါတယ်။ အမှန်ဆို ဆိုင်ကယ်တွေ၊ ကားတွေ ရာသီမရွေး ဖြတ်သန်းလို့ ရတဲ့ ကွန်ကရစ် တံတားမျိုး ဖြစ်သင့်ပါတယ်” ဟု ဦးစောလှအေးက ပြောဆိုသည်။

ချောင်း၏ အကျယ်မှာ ပေ ၁၂၀ ရှိပြီး ကွန်ကရစ် တံတားထိုးမည်ဆိုပါကလည်း ငွေကုန်ကြေးကျ အလွန်မများနိုင်ဟု စုံစမ်းသိရှိရသည်။

သရက်ချောင်းကျေးရွာမှ လူကြီး တစ်ဦးဖြစ်သူ ဦးတက်တိုး (၇၈) နှစ်မှ ယခုတံတားကို ပြန်လည် မတည်ဆောက်နိုင်ပါက ဤတံတားကို ကူးတို့လှေဖြင့် ဖြတ်သန်းပြီး လောင်းချောင်းအထကသို့ ကျောင်းတက်နေကြသည့် ကျောင်းသား/ ကျောင်းသူ တစ်ဝက်ခန့် လျော့ကျသွားနိုင်ကြောင်း ပြောကြားသည်။

“ ဒီတံတား မရှိရင် ကူးတို့လှေနဲ့ ချောင်းကို ဖြတ်ကူးရတဲ့ အတွက် တစ်ချို့မိဘတွေက ကလေးတွေကို လောင်းချောင်းရွာကို ပို့ကြရတော့မယ်။ ပိုက်ဆံရှိတဲ့ လူတွေက တတ်နိုင်ပေမယ့် မတတ်နိုင်တဲ့ မိဘတွေ အနေနဲ့ သားသမီးတွေကို ကျောင်းမတင်နိုင်ကြတော့ဘူး။ ကူးတို့လှေနဲ့ ချောင်းကို ဖြတ်ကူးရတော့ မိုးလေထန်တဲ့ နေ့တွေဆိုရင် ကလေးတွေ ကျောင်းသွားနိုင်တော့မှာ မဟုတ်ဘူး။ ဒီလိုနဲ့ ကလေးတွေရဲ့ ပညာရေးတွေ ဆုတ်ယုတ်လာနိုင်ပြီး စာသင်သား ကလေးငယ်တွေ တစ်ဝက်ခန့် လျော့ကျ သွားနိုင်တယ်လို့ ထင်ပါတယ်” ဟု ဦးတက်တိုးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

သရက်ချောင်းကျေးရွာတွင် မူလတန်းကျောင်းaသာ ရှိသဖြင့် အလယ်တန်းနှင့် အထက်တန်း အဆင့်ကို လောင်းချောင်း အထကသို့ သွားတက်နေကြရသည်ဟု သိရသည်။

၎င်းကြိုးတံတားကို သရက်ချောင်း၊ သရက်ပြင်၊ ပေါင်းဇား၊ နေပူခံ၊ ကျွန်းချောင်း၊ ကောင်းရီချောင်း စသည့် ရွာများမှ ကျောင်းသား ကျောင်းသူ ၂၀၀ ခန့် လောင်းချောင်းအထကသို့ ကျောင်းတက်ရာတွင် နေ့စဉ် အသုံးပြုနေသည့် ကြိုးတံတားသာမ ဒေသ တစ်ခုလုံး အသုံးပြုနေသည့် တံတားဖြစ်ကြောင်း ရွာသားများက ပြောဆိုသည်။

၎င်းကြိုးတံတားကို ရန်ကုန်မြို့နေ ဦးထွန်းရွှေသိန်းမှ ကမကထ ပြုလုပ်ကာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက စတင် တည်ဆောက်ခဲ့သည်။ ကျပ်ငွေ သိန်းပေါင်း ၂၈၃ သိန်း ကုန်ကျခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် တံတားကို ဖွင့်လှစ်နိုင်ခဲ့သည်ဟု သိရသည်။

ယခု ကြိုးတံတားကို ပြန်လည် ဆယ်ယူတည်ဆောက်မည်ဆိုပါ ကျပ် သိန်း ၃၀၀ ခန့် ကုန်ကျနိုင်ပြီး ကျေးရွာသားများမှ မတတ်နိုင်သဖြင့် တတ်နိုင်သူများမှ ပူပေါင်း ကူညီကြရန် ရွာသားများက ပြောကြားသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...