နိုင်ငံတကာ၊ မြန်မာ၊ ရခိုင် ဂီတ ဖလှယ်မှု ရခိုင်တွင် ပထမဆုံးအကြိမ်ပြုလုပ်

နိုင်ငံတကာ၊ မြန်မာ၊ ရခိုင် ဂီတ ဖလှယ်မှု ရခိုင်တွင် ပထမဆုံးအကြိမ်ပြုလုပ်
by -
နိရဥ္စရာ
ရခိုင်သို့ ရောက်ရှိနေသည့် Myanmar Music Festival (မြန်မာဂီတပွဲတော်) အဖွဲ့မှ နိုင်ငံတကာ၊ မြန်မာ၊ ရခိုင် သုံးပွင့်ဆိုင် ဂီတ ဖလှယ်မှု ဖျော်ဖြေပွဲ တစ်ခုကို ပထမဆုံးအကြိမ် အဖြစ် စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ယနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။

“ မြန်မာဂီတဖျော်ဖြေပွဲ အဖွဲ့ရဲ့ ဂီတဆိုင်ရာ ဖလှယ်မှု လုပ်ငန်းကို လုပ်ဆောင်လာခဲ့တာ ၂၀၀၄ ခုနှစ်ကနဲ့ ဆိုရင် ၄ ကြိမ်မြောက် ဖြစ်ခဲ့ပါပြီ။ ရခိုင်ပြည်နယ် ဂီတပညာရှင်တွေနဲ့ ဖလှယ်မှု ပြုလုပ်တာကတော့ ဒီအကြိမ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး နောက်ထပ်လည်း ဒီလိုမျိုး ဂီတဖလှယ်ပွဲတွေကို ပြုလုပ် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု အဖွဲ့၏ ဒါရိုက်တာ Mr Khimball Gallagher က အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဂီတ ဖလှယ်ပွဲ မပြုလုပ်မီ မြန်မာ့ဂီတပွဲတော်အဖွဲ့မှ တာဝန်ရှိသူ ၃ ဦးသည် ရခိုင်ဂီတအစည်းအရုံး (ယာယီ) မှ တာဝန်ရှိသူ ၉ ဦးနှင့် မေလ ၂၆ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရွှေသဇင်ခန်းမတွင် တွေ့ဆုံမှု တစ်ခု ပြုလုပ်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် နိုင်ငံတကာ၊ မြန်မာ၊ ရခိုင် ဂီတ ဖလှယ်မှု ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖျော်ဖြေပွဲတွင် အဖွဲ့၏ ဒါရိုက်တာ Mr Khimball Gallagher က စန္ဒရားတီးခတ် ခဲ့ပြီး အဖွဲ့၏ ဂီတအကြံပေးနှင့် စောင်းပညာရှင် ဒေါက်တာစုဇာဇာ ကလည်း မြန်မာသီချင်းကြီးကို သူမ၏စောင်းပညာဖြင့် တီးခတ် ဖျော်ဖြေခဲ့သည်။

အခမ်းအနားကို ဗုဒ္ဓပူဇနိယ သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ရခိုင်အဆိုတော်များဖြစ်ကြသည့် မောင်ကိုကို၊ ခိုင်ဇော်၊ ရီလှိုင်းပြာနှင့် စောနှင်းနွယ်တို့က ရခိုင်သီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။

“ကျွန်မတို့ မြန်မာဂီတပွဲတော်ကို လုပ်နေတဲ့ ရည်ရွယ်ချက်က မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မြန်မာ လူမျိုးတွေရဲ့ ဂီတတွေကို ဖေါ်ထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်က အဓိက ကျပါတယ်။ အဲ့ဒီလို ဖေါ်ထုတ်တဲ့ အခါမှာလည်း မြန်မာနိုင်ငံသားတွေ ချည်းပဲမဟုတ်ဘဲ နိုင်ငံတကာမှာ ရှိတဲ့ ဂီတပညာရှင်တွေနဲ့ ကျွန်မတို့ ပူးပေါင်းပြီးတော့ လုပ်မယ်”ဟု မြန်မာ ဂီတ အနုပညာရှင် ဒေါက်တာစုဇာဇာက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယင်းသို့ လုပ်ဆောင်ခဲ့သည်မှာ ၄ နှစ်ကြာမြင့်ခဲ့ပြီး ယခင်က ပွဲများကို ရန်ကုန်မြို့တွင် လုပ်ခဲ့မှု များကြောင်း၊ ယခုနှစ်တွင် ရခိုင်နှင့် ကချင်ပြည်နယ်တွင် တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ပြီး တိုင်းရင်းသား ဒေသ အသီးသီးတွင် ရှိသည့် ဂီတအနုပညာရှင်များကို ဖိတ်ခေါ်ပူးပေါင်းပြီး မြန်မာဂီတပွဲတော် ဆိုသည့် ဝေါဟာရနှင့်အညီ မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် ဂီတသမားများ ပါစေချင်သည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒီနေ့ ဖျော်ဖြေတင်ဆက်မှုကို ကျွန်မလေ သဘောကျတယ်။ သဘောကျတယ်ဆိုတာက ရခိုင်တွေရဲ့ စည်လို့ ခေါ်မှာပေါ့၊ ဒီစည်က မျိုးနွယ်စုတစ်စုရဲ့ အဓိကကျတဲ့ ပစ္စည်းတစ်ခုအနေနဲ့ ကျွန်မ သိပ်တန်ဖိုးထားတယ်။ ကျွန်မအနေနဲ့ ဂီတဗေဒကို အဓိက လုပ်နေတဲ့ လူတစ်ယောက်အနေနဲ့ ဖြစ်တဲ့အတွက်ကြောင့် မို့လို့ ကျွန်မတို့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာတွေရဲ့ အနုပညာပစ္စည်းတွေကို သိပ်ချစ်တာပဲ”ဟု သူမကပြောသည်။

ယနေ့ပြုလုပ်သည့် ဂီတဖျော်ဖြေမှုတွင် အဖွင့်သီချင်းဖြစ်သည့် ဗုဒ္ဓပူဇနိယ သီချင်းသည် ရခိုင်လူမျိုးများ၏ အထွတ်အမြတ် သီချင်းတစ်ပုဒ်ဖြစ်ပြီး သူမအတွက်လည်း ဂီတအသစ်ဖြစ်သည့်အတွက် ရခိုင်ဒေသတွင် ဤကဲ့သို့ ဂီတတီးလုံးများ ရှိသည်ကို နိုင်ငံခြားသားများ သိစေလို၍ ဗုဒ္ဓပူဇနိယ သီချင်းကို အဖွင့်သီချင်းအဖြစ် သူမကိုယ်တိုင် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာစုဇာဇာက ပြောသည်။

“ကျွန်တော်ကတော့ ဒီလိုပွဲလုပ်တာကို ၀မ်းသာပါတယ်။ နိုင်ငံခြားက ဂီတပညာရှင်တွေလာပြီးတော့ ကျွန်တော်တို့နဲ့ အဆက်အစပ် လုပ်တယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံ ယဉ်ကျေးမှု တက္ကသိုလ်က ဆရာမ စုဇာဇာကလည်း လာတော့ ကျွန်တော်တို့ မသိတာတွေ၊ မတတ်တာတွေ၊ မဖြစ်ခဲ့တာတွေကို သူမအနေနဲ့ ပြောပြခဲ့တာတွေကို ကျွန်တော်တို့ အများကြီး နားလည်ခွင့်ရခဲ့ပါတယ်”ဟု ရခိုင်နာမည်ကြီး အဆိုတော် တစ်ဦးဖြစ်သူ ခိုင်ဇော်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

မိမိတို့ ရခိုင်ဂီတ အနုပညာရှင်များအနေဖြင့် တစ်ယောက်တစ်စစီ နေပါက အပြင်နှင့် အဆက်အသွယ် ပြတ်နေကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်လိုက်ခြင်းဖြင့် ရင်းနှီး ချစ်ကြည်မှု ရရှိခဲ့သောကြောင့် နိုင်ငံခြားမှ အနုပညာရှင်များ လာရောက်ပြီး ဖလှယ်သည်ကို ကြိုဆိုဝမ်းသာသည်ဟု ခိုင်ဇော်က ပြောသည်။

Myanmar Music Festival အနေဖြင့် ၂၀၁၇ ခုနှစ်တွင် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့ထိ စစ်တွေ၊ နေပြည်တော်၊ မြစ်ကြီးနား၊ မန္တလေးနှင့် ရန်ကုန်မြို့များတွင် ဂီတ နှင့်ပတ်သက်၍ တွေ့ဆုံ ဆွေးနွေး ဖလှယ်မှုများ ပြုလုပ်ပြီး ဖျော်ဖြေမှုများကို ပြုလုပ်သွားမည်ဟု သိရှိရသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...