၎င်းချီးမြှင့် ပေးအပ်ပွဲကို စနဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွန်ကြားရေးမှူး ဦးညိမ်းလွင်နှင့် စနဲမြို့အုပ်ချုပ်ရေးမှူး ဦးစိုးထက်လှိုင်မှ ပြည်နယ်အစိုးရကိုယ်စား ပေးအပ်ခဲ့ကြောင်း အခမ်းအနားသို့ တက်ရောက်ခဲ့သူ စနဲမြို့မှ ဦးအောင်တင်ဝင်း ကပြောသည်။
ဦးခင်မောင်ရွှေ၏ ဇနီး ဒေါ်မရွှေကြည်သည် စနဲမြို့ ပြင်စုဘုန်းတော်ကြီးကျောင်းနောက်ဘက် သိမ်တောင်ကြီး တောင်ပေါ်တွင် ၀က်ဝဲဥ သွားရောက်တူးရာမှ ဇန်နဝါရီလ(၈)ရက်နေ့က ရှေးဟောင်း ငွေရခိုင်ဒင်္ဂါး(၄၁)ပြား ရရှိခဲ့သည်။
ထိုရှေးဟောင်း ရခိုင်ဒင်္ဂါးပြား(၄၁)ပြားသည် မြောက်ဦးခေတ်တွင် အသုံးပြုခဲ့သော ငွေဒင်္ဂါးများ ဖြစ်ကြပြီး မင်းဆက်တစ်ခုတည်း၏ အမည်မဟုတ်ဘဲ မင်းဆက်(၈)ခုပါ၀င်ကြောင်း ဦးအောင်တင်ဝင်း ကပြောသည်။







