ငပလီမြို့ ဇီးဖြူကုန်း ရပ်ကွက်မှ ကိုစိုးမိုးက “ ကျွန်တော်တို့ မြေတွေကို အမှတ် ၅၅ ခြေလျင်တပ်ရင်းက ၂၀၀၀ ခုနှစ် က သိမ်းထားပါတယ်။ အဲဒီ မြေတွေဟာ ဟိုတယ်တွေ ဆောက်ပြီး စီးပွားရေး လုပ်စားနေကြပါတယ်။ ကျွန်တော်တို့ မြေတွေကို ပြန်လိုချင်တဲ့အတွက် ဆန္ဒပြတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ငပလီ ကမ်းခြေ လယ်သမား ၆၀ ကျော်ထံမှ ဧက ၁၀၀ ကျော် ၀န်းကျင်ခန့်ကို နိုင်ငံတော်မှ စီမံကိန်းများ၊ တပ်မတော်မှ အဆောက်အဦးများ ဆောက်လုပ်ရန်ဟု ဆိုကာ သိမ်းယူသွားခဲ့ပြီး ၎င်းမြေများပေါ်တွင် ယခုအခါ ဟိုတယ်များ ဆောက်ပြီး စီးပွားလုပ်စားနေကြသည်ဟု ကိုစိုးမိုးက ဆက်လက် ပြောဆိုသည်။
ဆန္ဒပြသူများသည် ဗိုလ်မှူးတင့်ဆန်း (ငြိမ်း) သိမ်းထားသော ဒေါင်းသောက်တောင် (၄၈) ဧက ပြန်လည် ရရှိရေး (ဒို့အရေး)၊ UG ကုမ္ပဏီသိမ်းဆည်းထားသော ဆင်ကြပ်မြေ (၅၈) ဧက ပြန်လည် ရရှိရေး (ဒို့အရေး)၊ ဗိုလ်ချုပ်ခင်မောင်သန်း (ငြိမ်း) ဇနီး ဒေါ်မာလာတင့် သိမ်းဆည်းထားသော နတ်မောက်တောင် ၈ ဒသမ ၈၉ ဧက ပြန်လည် ရရှိရေး (ဒို့အရေး)၊ ဦးဖြိုးလှဝေ အမည်ခံ သိမ်းဆည်းထားသော ၀ါးတောင်ကွင်းကျေးရွာ မြေဧက (၇ ဒသမ ၅၀) ပြန်လည် ရရှိရေး (ဒို့အရေး)၊ ငပလီကမ်းခြေရှိ (ခလရ၅၅) တပ်ရင်းမှ တပ်ပိုင် မြေအဖြစ် သိမ်းဆည်းခဲ့သော Hotel Hitton၊ In the Rose၊ Max Myanmar၊ Amazing Hotel မြေနေရာများအား မူလပိုင်ရှင်များအား ပြန်လည် ပေးရေး (ဒို့အရေး ) စသည့် ကြွေးကြော်သံများကို ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။
“ ကျွန်တော်တို့ နိုင်ငံတော် သမ္မတ၊ ပြည်နယ် ၀န်ကြီးချုပ်တို့ဆီကို ၁၀ ကြိမ်ထက် မနည်း တင်ပြ တောင်းခံခဲ့ပါတယ်။ ဘယ်လိုမှ ဖြေရှင်း မပေးတဲ့ အတွက် ခုလို ဆန္ဒဖော်ထုတ်တောင်းဆိုရတာပါ” ဟု ကိုစိုးမိုးက ဆက်လက် ပြောကြားသည်။
ဆန္ဒဖော်ထုတ်သူများသည် ငပလီမှ သံတွဲမြို့ဝင်ဝ ဒိုးတောင်မှ နေ့လယ် ၁ နာရီ ကျော်မှ စတင်ကာသံတွဲမြို့သို့ ချီတက် ဆန္ဒဖော်ထုတ်နေကြသည်ဟု သိရသည်။







