သိမ်းဆည်းပြီး ဟိုတယ်ဆောက်ထားသောမြေများ ပြန်ရရေး ငပလီတွင် ဆန္ဒဖော်ထုတ်

သိမ်းဆည်းပြီး ဟိုတယ်ဆောက်ထားသောမြေများ ပြန်ရရေး ငပလီတွင် ဆန္ဒဖော်ထုတ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီမြို့တွင် လူပေါင်း ၃၀၀ ခန့်က သိမ်းဆည်းထားသော လယ်မြေများကို ပြန်လည် ရရှိရေး အတွက် ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒဖော်ထုတ်နေကြသည်ဟု သိရသည်။

ငပလီမြို့ ဇီးဖြူကုန်း ရပ်ကွက်မှ ကိုစိုးမိုးက “ ကျွန်တော်တို့ မြေတွေကို အမှတ် ၅၅ ခြေလျင်တပ်ရင်းက ၂၀၀၀ ခုနှစ် က သိမ်းထားပါတယ်။ အဲဒီ မြေတွေဟာ ဟိုတယ်တွေ ဆောက်ပြီး စီးပွားရေး လုပ်စားနေကြပါတယ်။ ကျွန်တော်တို့ မြေတွေကို ပြန်လိုချင်တဲ့အတွက် ဆန္ဒပြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ငပလီ ကမ်းခြေ လယ်သမား ၆၀ ကျော်ထံမှ ဧက ၁၀၀ ကျော် ၀န်းကျင်ခန့်ကို နိုင်ငံတော်မှ စီမံကိန်းများ၊ တပ်မတော်မှ အဆောက်အဦးများ ဆောက်လုပ်ရန်ဟု ဆိုကာ သိမ်းယူသွားခဲ့ပြီး ၎င်းမြေများပေါ်တွင် ယခုအခါ ဟိုတယ်များ ဆောက်ပြီး စီးပွားလုပ်စားနေကြသည်ဟု ကိုစိုးမိုးက ဆက်လက် ပြောဆိုသည်။

ဆန္ဒပြသူများသည် ဗိုလ်မှူးတင့်ဆန်း (ငြိမ်း) သိမ်းထားသော ဒေါင်းသောက်တောင် (၄၈) ဧက ပြန်လည် ရရှိရေး (ဒို့အရေး)၊ UG ကုမ္ပဏီသိမ်းဆည်းထားသော ဆင်ကြပ်မြေ (၅၈) ဧက ပြန်လည် ရရှိရေး (ဒို့အရေး)၊ ဗိုလ်ချုပ်ခင်မောင်သန်း (ငြိမ်း) ဇနီး ဒေါ်မာလာတင့် သိမ်းဆည်းထားသော နတ်မောက်တောင် ၈ ဒသမ ၈၉ ဧက ပြန်လည် ရရှိရေး (ဒို့အရေး)၊ ဦးဖြိုးလှဝေ အမည်ခံ သိမ်းဆည်းထားသော ၀ါးတောင်ကွင်းကျေးရွာ မြေဧက (၇ ဒသမ ၅၀) ပြန်လည် ရရှိရေး (ဒို့အရေး)၊ ငပလီကမ်းခြေရှိ (ခလရ၅၅) တပ်ရင်းမှ တပ်ပိုင် မြေအဖြစ် သိမ်းဆည်းခဲ့သော Hotel Hitton၊ In the Rose၊ Max Myanmar၊ Amazing Hotel မြေနေရာများအား မူလပိုင်ရှင်များအား ပြန်လည် ပေးရေး (ဒို့အရေး ) စသည့် ကြွေးကြော်သံများကို ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

“ ကျွန်တော်တို့ နိုင်ငံတော် သမ္မတ၊ ပြည်နယ် ၀န်ကြီးချုပ်တို့ဆီကို ၁၀ ကြိမ်ထက် မနည်း တင်ပြ တောင်းခံခဲ့ပါတယ်။ ဘယ်လိုမှ ဖြေရှင်း မပေးတဲ့ အတွက် ခုလို ဆန္ဒဖော်ထုတ်တောင်းဆိုရတာပါ” ဟု ကိုစိုးမိုးက ဆက်လက် ပြောကြားသည်။

ဆန္ဒဖော်ထုတ်သူများသည် ငပလီမှ သံတွဲမြို့ဝင်ဝ ဒိုးတောင်မှ နေ့လယ် ၁ နာရီ ကျော်မှ စတင်ကာသံတွဲမြို့သို့ ချီတက် ဆန္ဒဖော်ထုတ်နေကြသည်ဟု သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...