(က) ဖလမ်းမြို့ နှစ် (၁၂၅) ပြည့်အခမ်းအနား
ဗြိတိသျှအင်ပါယာကြီး ချင်းတောင်မသိမ်းပိုက်မီကတည်းက Pu Con Bik (ဗိုလ်ကြွန်ဘိခ်) ခေါင်းဆောင်သော တာရွှန်းမျိုးနွယ်စုတို့သည် ဒီမိုကရေစီစနစ်ဖြင့် လူထုမှရွေးချယ်သော ခေါင်းဆောင်များမှ အုပ်ချုပ်သည့်စနစ်အား ခေတ်အဆက်ဆက်အသုံးပြုခဲ့ကြသည်။ ထိုအုပ်ချုပ်ရေးစနစ်အား တစ်ချိန်က တောင်တန်းဒေသ အုပ်ချုပ်ရေးမှုး Mr. H Stevenson မှ Tashon Democratic Council ဟု အမွှမ်းတင် ချီးမွမ်းခဲ့သည်။ တာရွှန်းမျိုးနွယ်စုတို့သည် ချင်းတောင်တန်းတစ်လျှောက်တွင် နိုင်ငံရေး၊ စီးပွားရေးအရ အင်အားအကြီးဆုံးဖြစ်ခဲ့ပြီး၊ ယင်းတို့၏ မြို့တော်ရွာမအား သားသမီးများ ဘေးကင်းလုံးခြံုရာအရပ်ဟု အမည်ရသည့် Fa-hlam ဟု အမည်ပေးခဲ့ကြသည်။ ဗြိတိသျှတို့သည် ဗိုလ်ကြွန်ဘိခ်ခေါင်းဆောင်သော တာရွှန်းတို့၏ မြို့တော် Fahlam အား သိမ်းယူနိုင်ရန်အတွက် Chin-Lushai Expedition ခေါ် စစ်ကြောင်းသုံးကြောင်းဖြင့် ချီတက်ခဲ့ရသည်။
အိန္ဒိယနိုင်ငံမှ ချီတက်လာသော တပ်ဖွဲ့ဝင် ၃၄ဝဝ ပါအနောက်ပိုင်းစစ်ကြောင်းဟာ အိန္ဒိယနိုင်ငံရှိ Lunglei ကနေ စတင်ချီတက်ပြီး ထန်တလန်နယ်အားလုံးကို သိမ်းပိုက်ပြီး ဟားခါးသို့ ချီတက်ခဲ့သည်။ ဗိုလ်ချုပ် Symond ခေါင်းဆောင်တဲ့ တပ်ဖွဲ့ဝင် ၁၈၆၉ ပါ တောင်ပိုင်းစစ်ကြောင်းသည် Zokhua၊ Sakta နဲ့ ဟားခါးကို သိမ်းပိုက်ပြီး အနောက်ပိုင်းစစ်ကြောင်းနဲ ဟားခါးမှာတွေ့ဆုံခဲ့ပြီး ဖလမ်းသို့ချီတက်ရန်ပြင်ဆင်ခဲ့ကြသည်။ တပ်ဖွဲ့ဝင် ၁၆၂၂ ပါမြောက်ပိုင်းစစ်ကြောင်းသည်လည်း Fort White မှ Fahlam သို့ချီတက်လာခဲ့သည်။Fahlam တွင်လည်း ဗြိတိသျှတို့အား ခုခံတွန်းလှန်ရန်အတွက် ချင်းတောင်တစ်ခုလုံးမှ ချင်းစစ်သည်တော် ၃၀၀၀ ခန့်စုရုံးခဲ့ကြပြီး Tashon Democratic Council ထံမှတိုက်မိန့်အား စောင့်ဆိုင်းခဲ့ကြသည်။
ဖလမ်းရွာမနှင့် နှစ်မိုင်လောက်အကွာတွင်ရောက်ရှိလာသော လက်နက်အင်အားအပြည့် ဗြိတိသျှစစ်တပ်သည် တာရွှန်းခေါင်းဆောင်များနှင့် ဆွေးနွေးပြီး ဗြိတိသျှအစိုးရထံသို့ အညံ့ခံခဲ့ကြသည်။ ဗြိတိသျှတို့သည် လက်ရှိတာရွှန်းရွာဖြစ်သော Fahlam တွင် ဗြိတိသျှစစ်စခန်းတည်ဆောက်ရန် ပြင်ဆင်ခဲ့ကြသော်လည်း ဗိုလ်ကြွန်ဘိခ်တို့မှ လက်ခံခြင်းမရှိခဲ့သောကြောင့် လက်ရှိဖလမ်းမြို့နေရာတွင် စခန်းတည်ဆောက်နေထိုင်ခဲ့ကြသည်။ ဗြိတိသျှတို့တည်သောစခန်းအသစ်အား တာရွှန်းတို့၏ မြို့တော် Fahlam ဟုခေါ်တွင်စေခဲ့ပြီး၊ တာရွှန်းတို့ ခေတ်အဆက်ဆက်အသုံးပြုခဲ့သော မြို့တော် Fahlam ကိုမူ၊ ၎င်းတို့၏မျိုးနွယ်စုနာမည် တာရွှန်း (Tlaisun/Taisun) အမည်ဖြင့် ရွာနာမည်အား မှည့်ခေါ်စေခဲ့သည်။ ဤသို့ဖြင့် ၁၈၉၂ တွင် ဗြိတိသျှတို့ တည်ထောင်ကာ စတင်လာခဲ့သော ဖလမ်းမြို့သည် နှစ်ပေါင်း (၁၂၅) တိုင်ပြီဖြစ်သည်။
(ခ) ပြည်သူ့ဆေးရုံကြီး ရာပြည့်ပွဲတော်
၁၈၉၂ ဇွန်လမှစတင်ကာ ဗြိတိသျှစစ်ဗိုလ်များနှင့် တပ်ဖွဲ့ဝင်များ (၄၀၀) သည် ဖလမ်းမြို့တွင် စတင်အခြေစိုက်ခဲ့ကြသည်။ ဗြိတိသျှစစ်တပ်တွင် တပ်ခွဲအလိုက် ဆေးမှူးများရှိပြီး၊ ဗြိတိသျှစစ်တပ်အတွက် စစ်ဆေးရုံကို ၁၈၉၅ ခုနှစ်တွင် တည်ဆောက်ခဲ့ကြသည်။ ပြည်သူလူထုအတွက် ခွဲစိတ်ခန်းပါ၀င်သည့် ပြည်သူ့ဆေးရုံအား ၁၉၁၅ ခုနှစ်တွင် ရူပီးငွေ (၁၇၅၃၄) ကုန်ကျကာ တည်ဆောက်ခဲ့ကြသည်။ ထိုဆေးရုံအား တစ်ဖြည်းဖြည်းတိုးချဲ့လာခဲ့ကြပြီး ၁၉၂၅ တွင် ကုတင် (၁၆) ဆန့်ဆေးရုံ၊ ၁၉၄၅ တွင် ကုတင် (၄၀)၊ ၁၉၅၃ တွင် (၇၅) ကုတင်ဆန့်ဆေးရုံအဖြစ်သို့ တို့းချဲ့ခဲ့ကြသည်။ မြန်မာ့သမိုင်းတွင် ခွဲစိတ်ပါရဂူဘွဲ့ Fellowship of the Royal College of Surgeon (F.R.C.S) ရရှိသူများအနက် ဒုတိယမြောက်ရရှိသူ ချင်းအမျိုးသား Dr. Ni Khuai သည် ၎င်းဘွဲ့အား ဗြိတိန်နိုင်ငံရှိ Edinburgh University မှရရှိပြီးနောက် ကျန်းမာရေးဘက်တွင် အလွန်အားနည်းလျက်ရှိသော ဖလမ်းမြို့သို့ အလုပ်လုပ်ရန် ရွေးချယ်ခဲ့သည်။
နာမည်ကြီးဆေးရုံများတွင် သက်တောင့်သက်သာ လုပ်နိုင်ပါလျက်နဲ့ ကျန်းမာရေးတွင်အားနည်းသော ချင်းပြည်နယ်အတွက် အလုပ်လုပ်ရန် ရွေးချယ်ခဲ့မှုအပေါ် ၀န်ကြီးချုပ်ဦးနုမှလည်း လွန်စွာအံ့အားသင့်ခဲ့သည်။ ဘိလပ်ပြန် ခွဲစိတ်ဆရာဝန်၏ ဦးဆောင်မှုဖြင့် ဖလမ်းပြည်သူ့ဆေးရုံသည် ချင်းပြည်နယ်တွင်သာမက၊ လူရှိုင်းတောင်တန်း၊ စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်းအထိ ကျော်ကြားခဲ့သည်။ ထိုခေတ်အခါက ဖလမ်းဆေးရုံရောက်ရင် ကျန်းမာမည်ဟု ဆိုစမှတ်ပြုခြင်း ခံခဲ့ရသည်။ ၁၉၆၀ နောက်ပိုင်းတွင် လူဦးရေတိုးပွားလာသည့်ဖလမ်းမြို့အတွက် ဆေးရုံသစ်အား ဗန်ကာအိုတောင်တွင် ၁၉၆၄ ခုနှစ်မှ တော်လှန်ရေးကောင်စီအစိုးရ နှင့် လူထုအင်အားဖြင့် တည်ဆောက်ခဲ့ကြပြီး ကုတင် ၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးအား ၁၉၇၁ တွင်စတင်အသုံးပြုခဲ့ကြသည်။ ၁၉၁၅ ခုနှစ်မှ စတင်တည်ဆောက်ခဲ့သည့် ပြည့်သူဆေးရုံအဟောင်းကိုမူ ပြင်ပလူနာဆးကုဌာန အဖြစ်ဆက်လက် အသုံးပြုခဲ့ကြသည်။ ပြည်သူ့ဆေးရုံးကြီးသည်လည်း ဆက်လက်တို့ချဲ့ခြင်းခံရကာ ၁၉၈၇ ခုနှစ်တွင် ကုတင် ၁၅၀ ဆန့် ဆေးရုံအဖြစ်လည်းကောင်း၊ လက်ရှိတွင် ကုတင် (၂၀၀) ဆန့် ပြည်သူ့ဆေးရုံကြီး အဖြစ်ရပ်တည်နေဆဲဖြစ်သည်။
(ဂ) မြို့တော်ခန်းမ နှစ်တစ်ရာပြည့်
ဗြိတိသျှတို့ ချင်းတောင်သိမ်းပိုက်ပြီးနောက် ဖလမ်းမြို့တွင် စစ်တန်းလျားများနှင့် အရာရှိအိမ်များဆောက်လုပ်ခဲ့ကြသည်။ စစ်သားများလေ့ကျင့်ရန်၊ လက်နက်နှင့်စားနပ်ရိက္ခာသိုလှောင်ရန်အတွက် Drill Shed ခေါ် အဆေက်အဦးတစ်ခုအား ၁၉၁၇ ခုနှစ်တွင် တည်ဆောက်ခဲ့ကြသည်။ ထိုနေရာသည် ယခုုမြို့တော်ခန်းမ တည်နေရာဖြစ်သည်။ Drill Shed ဆောက်လုပ်ရန်အတွက် လိုအပ်သည့် သစ်သားနှင့်အခြားပစ္စည်းများအား Fort White စခန်းမှ သယ်ဆောင်ခဲ့ကြသည်။ Drill Shed သည် စစ်သားနှင့်အရာရှိများ မိတ်ဖွဲ့တွေ့ဆုံသည့်နေရာ၊ အသံမပါသည့် ရုပ်ရှင်ပြသည့်နေရာ နှင့် လူထုအစည်အဝေများ ကျင်းပသည့်နေရာများတွင် အသုံးပြုခဲ့ကြသည်။ ၁၉၃၉ ခုနှစ် ဧပြီလတွင် ဗမာပြည်ဘုရင်ခံ အတိုင်ပင်ခံပုဂိုလ်(Counseller of His Majesty the Governer of Burma) ဖလမ်းမြို့သို့ သွားရောက်လည်ပတ်ပြီး Drill Shed ကနေ ချင်းတောင်တပ်ရင်းမှ ကြိုဆိုခဲ့ကြပြီး၊ ဘုရင်ခံကိုယ်စား ဘုရင်ခံရဲ့မိန်ခွန်းအား ချင်းတိုက်သူကြီးများထံသို့ မိန့်ကြားခဲ့သည်။
ပထမ ပင်လုံညီလာခံကျင်းပပြီး ပင်လုံညီလာခံကိုယ်စာလှယ်များသည် ချင်းပြည်တစ်ခုလုံးမှ တိုက်သူကြီး နှင့် အကြီးအကဲများအားလုံးနှင့်အတူ ဤနေရာတွင်ပင် ချင်းပြည်၏အနာဂတ်အတွက် အစည်းအဝေးပြုလုပ်ခဲ့ကြပြီး ချင်းပြည်၏အနာဂတ်အတွက် အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။ အောင်ဆန်း-အက်တလီစာချုပ်ချုပ်ဆိုပြီးသည့်နောက် ချင်း-ဗမာချစ်ကြည်ရေး ဆောင်ရွက်လာသည့်အချိန်တွင်လည်း ဖ.ဆ.ပ.လ ကိုယ်စားလှယ်များဖြစ်သော ဦးဝမ္မသူးမောင်း၊ ဦးဘဆိုင်နှင့် ဦးမောက်ကလေးတို့သည် မြို့တော်ခန်းမတွင်ပင် ချင်းလူထုနှင့် တွေ့ဆုံပွဲပြုလုပ်ပြီး ချင်းပြည်သည် ပြည်မနှင့်တန်းတူ လွတ်လပ်ရေး ရယူရန်တိုက်တွန်းခဲ့ကြသည်။
လွတ်လပ်ရေးရှိပြီးနောက် လွတ်လပ်ရေးအတွက် အောင်ပွဲသဘင်အား မြို့တော်ခန်းမတွင် ကျင်းပခဲ့ကြပြီး နိုင်ငံတော်သမ္မတ စပ်ရွှေသိုက်ကိုယ်တိုင်တက်ရောက်ခဲ့သည်။ ထိုစဉ် ချင်းပြည်၏အုပ်ချုပ်ရေးစနစ်အား ပြောင်းလဲရန် ကြိုးပမ်းခဲ့သည့် ချင်းရေးရာကောင်စီမှ ဖွဲ့စည်းသည့် စုံစမ်းရေးကော်မရှင်သည်လည်း ဖလမ်းမြို့သို့ ရောက်ရှိခဲ့ကြပြီး အုပ်ချုပ်ရေးပြောင်းလဲရန်အတွက် လူထုနှင့်ဆွေးနွေးရာမှ ချင်းအမျိုးသားနေ့ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ၁၉၅၃-၅၄ ခုနှစ်တွင် ချင်းတောင်အုပ်ချုပ်ရေးမှူး ဦးကီးယာမ်စီ၏ဦးဆောင်မှုဖြင့် အစိုးရနှင့်ပြည်သူလက်တွဲကာ မြို့တော်ခန်းမအား သစ်ဖြင့် ပြန်လည်တည်ဆောက်ခဲ့ကြသည်။ နောက်တစ်ဖန် မြို့တော်ခန်းမအား ၁၉၉၆ ခုနှစ်တွင် အုတ်ဖြင့် ပြန်လည်တည်ဆောက်ပြီး ၁၉၉၇ ခုနှစ်မှ၍ မြို့တော်ခန်းမအဖြစ် ယနေ့တိုင် ရပ်တည်နေဆဲဖြစ်သည်။ မြို့တော်ခန်းမသည် ၁၉၁၇ တွင်စတင်တည်ဆောက်ခြင်းဖြစ်ရာ ၂၀၁၇ ခုနှစ်တွင် နှစ်တစ်ရာ ပြည့်မြောက်ပြီ ဖြစ်ပါသည်။







