မဲသဝေါ သောက

မဲသဝေါ သောက
by -
ခေတ်မင်း / ဟင်္သာမီဒီယာ
ရွာတွင်ပစ်ထားခဲ့ရသော စပါးပင်များကိုကျွဲ၊နွားများဝင်စားသွားမည်ဆိုပါက လာမည့်နှစ်တွင်မိသားစုသည် စားသောက်ရေးအတွက် ခက်ခဲမည် ကိုစောဘူးဂေးတို့မိသားစု စိုးရိမ်နေသည်။

မဲသဝေါ ဒေသတွင် တပ်မတော် ၊ ကရင်ပြည်နယ် နယ်ခြားစာင့် တပ်ဖွဲ့ တို့နှင့် DKBA ခွဲထွက် အဖွဲ့ခေါ် တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ် DKBA တို့ ၏ တိုက်ပွဲကြောင့် စောဘူးဂေးတို့မိသားစုမှာ မြိုင်ကြီးငူ အထူးဒေသ မြတ်ပန်းဝတ်မုံ စစ်ဘေးရှောင်စခန်းရွေ့ပြောင်းနေထိုင် ရသောကြောင့် သူတို့လယ်ယာများပစ် ထားခဲ့ရသည်။

မဲသဝေါဒေသရှိ ရင်းပိုင်းချောင်းဝတွင် နေထိုင်သူ စောဘူးဂေးသည် မြတ်ပန်းဝတ်မုံစစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေသည်မှာ လေးရက်မြောက် ရှိခဲ့ပြီး ဖြစ်ပြီးသူ့၏ စပါးပင်များကိုတစ်ရက်မျှ စိတ်မချခဲ့ရဟုပြောဆိုသည်။

“ရွာပြန်လို့ရှိရင်ဘာမှလုပ်စားမတတ်တော့ဘူး၊စိုက်ပျိုးထားတဲ့ စပါးပင်တွေကို ကျွဲနွားတွေစားလို့ကုန်ပြီးပေါ့”ဟုစောဘူးဂေးကငြီးငြူပြောဆိုသည်။

မဲသဝေါဒေသတွင် DKBA ခွဲထွက်အဖွဲ့နှင့် BGF တပ်ဖွဲ့တို့၏ တိုက်ပွဲအခြေအနေကြောင့် ဆိတ်အကောင် ၁၀၀ နှင့် ကျွဲ ၁၀ ကောင်ကိုပစ်ထားခဲ့ရသော်လည်း ဒေသအနေထားအရစပါးတစ်ကြိမ်သာစိုက်ပျိုး၍ရခြင်းကြောင့် မိသားစုအတွက် ဆန်စပါးသာအဓိကဖြစ်ကြောင်း စောဘူးဂေးကပြောသည်။

“ရွာကိုကျွန်တော်ပြန်ချင်နေပြီ နင်တို့ ပြန်ရဲလား၊ ပြန်ရဲရင် နင်တို့ပြန်ကြည့်လို့ခွင့်ပြုပေးမယ်ဆိုရင်တော့ပြန်မယ်”ဟု၎င်းက ဆိုသည်။

မဲသဝေါဒေသတွင် ဖြစ်ပေါ်နေခဲ့သောတိုက်ပွဲကြောင့်စောဘူးဂေးကဲ့သို့  မြိုင်ကြီးငူအထူးဒေသရှိစစ်ဘေးရှောင်ဒုက္ခသည် စခန်းနှစ်ခုတွင် စစ်ဘေးရှောင်ဒုက္ခသည် ၄၀၀၀ နီးပါးအထိရောက်ရှိလာပြီဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊လှိုင်းဘွဲမြို့နယ် ဒုတိယဦးစီးမှူး ဦးနေလင်းထက်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

အဆိုပါ တိုက်ပွဲမှာစက်တင်ဘာ၂ ရက်စတင် ဖြစ်ပွား ပြီးစက်တင် ၁၀ ရက် နေ့ မှ စတင် ကာ ဒုက္ခ သည်စခန်းများ စတင်ဖွင့် လှစ် ခဲ့ရခြင်း ဖြစ်သည်။

မဲသဝေါဒေသရှိကျေးရွာ၂၂ရွာမှ လူဦးရေ ၃၈၇၄ ဦးသည် မြိုင်ကြီးငူ အထူးဒေသစစ်ဘေးရှောင်စခန်းတွင် ခိုလုံနေရပြီး ၎င်းတို့ထဲတွင် ငါးနှစ်အောက် ကလေးငယ် ၁၂၀၀ကျော်ပါဝင်ကြောင်းထိုစစ်ဘေးရှောင်စခန်း၏ စာရင်းဇယားများအရသိရသည်။

စစ်ဘေးတိမ်းရှောင်နေသောရွာများထဲတွင် ကျုံထော်၊ထီးရယ်ကလို၊ထီးတာဒို့ဖော်၊ထီးကလိုးသော့၊ထီးကနဲ့၊ထီးကနဲ့ထ၊မဲသဝေါ၊မုဒ်ဝ၊မယ်ပေါ်ပလော၊ထီးထောကျိုး၊ထီးဖိုးခီး (ခ) ရန်ပိုခီး၊ရင်းပိုင်းချောင်းဝ၊ဃူသောပူ၊ ရင်းပိုင်းကျောင်းမ၊လော်ကလား (ခ) ဖောဖောစောမြ၊ထီးနောထ၊ကလောဒေး၊ထီးသာထ၊ကော်လော်ကွီး၊သမိုဖိုး၊ ကိုရွှေဝဲ (ရွှေအိုးစံ)နှင့် ပတဲထရွာများပါဝင်သည်။

"စစ်တွေဖြစ်နေတဲ့အတွက်ကြောင့် အခုလိုဒုက္ခသည်တွေရောက်ရှိလာရတာပါ၊ဒီစစ်တွေရပ်တန့်ကရပ်ပေးပါ" ဟုမြိုင်ကြီးငူအထူးဒေသရှိဒုက္ခသည်စခန်းမှဦးစောစိန်ပန်းကဆိုသည်။

ထီးကနဲ့ရွာမှ ရွာသူ၊ ရွာသားသုံးပုံတစ်ပုံသာလျှင် စစ်ဘေးရှောင် ဒုက္ခသည်စခန်းကိုရောက်ရှိနေသေးပြီးကျန်ရှိနေသေးသောရွာသူ၊ ရွာသားများသည် လမ်းကြောင်းများပိတ်ဆို့ထားမှုအပေါ် ကျေးရွာတွင်သာပုန်းအောင်းနေကြကြောင်းမဲသဝေါဒေသ၊ ထီးကနဲ့ရွာတွင်နေထိုင်ခဲ့သူစောကျော်လော က ပြောသည်။

“ကျွန်တော်တို့ လိုလားတာ ငြိမ်ချမ်းရေးဘဲ၊ စစ်ဘေးရှောင်ရတဲ့ဒုက္ခအမြဲပါပဲ"ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ဒုက္ခသည်စခန်းသို့ စစ်ဘေးတိမ်းရှောင်နေသည့် လူဦးရေ ၃၈၇၄ ဦးထဲတွင် ၁၅ နှစ်အောက် ကလေးသူငယ် ၂၀၀၀ ဦးကျော်နှင့် အမျိုးသမီးအများစုပါဝင်နေသည်။

စစ်ဘေးရှောင် ပြည်သူများထဲမှ မွေးလူနာအမျိုးသမီးတစ်ဦး၊ အဆုတ်ရောဂါဖြစ်နေသည့် လူငယ်တစ်ဦး၊ ငှက်ဖျားရောဂါဖြစ်နေသည့် ကလေးငယ်တစ်ဦး၊ သွေးအန်နေသည့် အသက် ၃ နှစ်ခွဲအရွယ် ကလေးငယ် တစ်ဦးနှင့် သွေးအားနည်းနေသည့် လူနာတစ်ဦးတို့ကို ကျန်းမာရေးစစ်ဆေးခဲ့ပြီး မြိုင်ကြီးငူအထူးဒေသရှိကျေးလက်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း လှိုင်းဘွဲ့မြို့နယ်၊မြိုင်ကြီးငူ ကျေးလက်ဒေသကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးမင်းတင်ထွန်းကပြောသည်။

"ရွာက စစ်ဘေးရှောင်ပြီးရောက်လာခဲ့တဲ့ ပြည်သူတွေမှာ လက်ရှိဖြစ်နေတဲ့ရောဂါက အဆုတ်ရောဂါတွေ အများဆုံးဖြစ်နေတာ စစ်ဆေးတွေ့ရှိရပါတယ်၊ အခုအချိန်ထိတော့ လူနာငါးဦးကိုတော့ ဆေးရုံတင်ကုသမှုတွေ လုပ်ပေးနေပါတယ်၊ သူတို့တွေက ရောက်လာတာ ဘာမှပါမလာတော့ ဖြစ်သလိုအိပ်ရတော့ အအေးပက်ပြီး အဆုတ်ရောဂါ ဖြစ်နေရတာပါ"ဟု ၎င်းက ရှင်းပြသည်။

မြိုင်ကြီးငူဆရာတော်ကြီးက စစ်ဘေးရှောင်များ၏စားဝတ်နေရေးအတွက် ၂၄နာရီစတုဒီတာ ကျွေးမွေးထားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပရဟိတလူမှုအဖွဲ့အစည်းများကလည်း ၎င်းတို့၏ စားဝတ်နေရေးအတွက် ထောက်ပံ့လှူဒါန်းပေးမှုများရှိနေသည်။

“တချို့ရွာတွေတော့ ရွာလုံးကျွက်နီးပါးရောက်ရှိနေပါတယ်၊ ဘယ်နှစ်ရက်လောက်နေရမယ်ဆိုတာတော့ မသိရသေးပါဘူး၊တည်ငြိမ်အေးချမ်းမှုတွေ လုံလုံခြံုခြံုမရှိသေးသရွေ့တော့ အတက်နိုင်ဆုံး စစ်ဘေးရှောင်ဒုက္ခသည်ပြည်သူတွေကို စောင့်ရှောက်ပေးသွားမှာပါ”ဟု ဦးနေလင်းထက်ကရှင်းပြသည်။

စစ်ဘေးရှောင် ပြည်သူများ၏ ကျန်းမာရေးကုသမှုအတွက် ကရင်ပြည်နယ်ကျန်းမားရေးဦးစီးဌာနမှ ဆေးဝါးအပြည့်အဝဖြင့် ဆေးခန်းခွင့်လှစ်ထားကြောင်း၎င်းက ပြောဆိုသည်။

"ရွာကထွက်လာရတာ ဘာပစ္စည်းမှာပါမလာပါဘူး၊ ကားပေါ်တက်ဆိုလို့လိုက်လာရတာပါ၊ မိသားစုငါးဦးစလုံးလိုက်လာခဲ့တာပါ ကလေးတွေကိုတော့ စာသင်ဖို့လုပ်ဆောင်ပေးနေပါတယ်"ဟု ထီးကနဲ့ထရွာမှစစ်ဘေးရှောင်သူ ဒေါ်မူမူကဆိုသည်။

မြိုင်ကြီးငူ အထူးဒေသရှိ မြတ်ပန်းဝတ်မုံဒုက္ခသည်စခန်းနှင့် အေးလင်းသာယာ စစ်ဘေးဒုက္ခသည်စခန်းသို့ ရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူ ၂၄၅ ဦးအတွက် အတန်းပညာရပ်နားခြင်း ကြာရှည်မှုမရှိရန် စက်တင်ဘာ ၁၄ ရက်မှစတင်၍ ပညာသင်ကြားပေးနေကြောင်း လှိုင်းဘွဲ့မြို့နယ်ရှိလင်းလွန်မြိုင် ကျောင်းအုပ် ဆရာကြီးဦးစိုင်းမျိုးညွှန့်က ပြောဆိုသည်။

စစ်ဘေးရှောင်စခန်းရောက်ရှိလာသည့် ကလေးများပညာသင်ကြားရန် ကရင်ပြည်နယ် ပညာရေးဦးစီးဌာနက ကျောင်းဝတ်စုံ၊ ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးကိရိယာပစ္စည်းများကို စီစဉ်ဆောင်ရွက်ထားပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

မဲသဝေါဒေသမှစစ်ဘေးရှောင်စခန်းသို့ ရောက်မလာသေးသည့် ကျောင်းသား၊ကျောင်းသူလေးများနှင့် ဆရာ၊ဆရာမများလည်း ကျန်နေသေးသဖြင့် ယင်းကလေးများအတွက် ပညာသင်ကြားမှုရရှိရန်အခက်ခဲရှိနေကြောင်း ၎င်းကဆိုသည်။

ရွာတွင် စပါးစိုက်ပျိုး ပြီးပစ်ထားခဲ့ရ ၍ အဆိုပါ လယ်မှ ထွက်ရှိမည့် ဆန် ကိုလာမည့်နှစ် တွင်စားနှပ်ရိက္ခာအဖြစ် ပြန်အသုံးပြု ရသော စောဘူးဂေးတစ်ယောက် သူစပါးပျက်ဆီးမည် အရေး ၊မိသားစုစားနပ်ရိက္ခာမလုံလောက်မည့် အရေးကိုစိုးရိမ် နေသည်။

စောဘူးဂေး က စားနပ်ရိက္ခ ကိုစိတ်ပူသကဲသို့ ယင်းသို့ တိုက်ပွဲ ဖြစ်နေခြင်းကို မနှစ်မြို့သောစောကျော်လောကဲ့သို့ မဲသဝေါနယ်သားများလည်းရှိသေးသည်။

"ပြည်သူလူထုကိုစာနာသနားရင်တော့ မပစ်ကြနဲ့ပေါ့”ဟုသူကငြိးငြူလိုက်သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...