ငြိမ်းချမ်းရေးအတွက် မြောက်ပိုင်းအဖွဲ့များနှင့်အစိုးရအကြား တွေ့ဆုံနိုင်မှု မရှိသေး

ငြိမ်းချမ်းရေးအတွက် မြောက်ပိုင်းအဖွဲ့များနှင့်အစိုးရအကြား တွေ့ဆုံနိုင်မှု မရှိသေး

ပြည်တွင်းငြိမ်းချမ်းရေးကိစ္စအတွက် အစိုးရနှင့် မြန်မာပြည်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တွေ့ဆုံဆွေးနွေးမှုသည် ငါးလကျော်ကြာ ညှိနှိုင်းခဲ့သော်လည်း ဆွေးနွေးပွဲများသည် လက်ရှိ အချိန်အထိ တွေ့ဆုံနိုင်ခြင်း မရှိသေးကြောင်း တွေ့ရသည်။  

ယခုနှစ် မေလကုန်ပိုင်းခန့်က နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးတွင် တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် မြောက်ပိုင်းအဖွဲ့များ တက်ရောက်လာ ခဲ့ပြီး အစိုးရနှင့် မြောက်ပိုင်းအဖွဲ့များအကြား နှစ်ဘက်တွေ့ဆုံဆွေးဆွေးခဲ့ခြင်းသည် နောက်ဆုံးအကြိမ်လည်း ဖြစ်သည်။

အစိုးရအနေဖြင့် မြောက်ပိုင်းအဖွဲ့များအား တစ်ဖွဲ့ချင်း(သို့) သုံးဖွဲ့၊ လေးဖွဲ့ ခွဲ တွေ့ရန် ဆန္ဒရှိနေပြီး မြောက်ပိုင်းအဖွဲ့ များအနေဖြင့် ၄င်းတို့ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးညှိနှိုင်း   ဆွေးနွေးရေး   ကော်မတီ(FPNCC) အနေဖြင့် သာ တွေ့ဆုံလိုသည်။

ပြည်ထောင်စု နိုင်ငံရေးညှိနှိုင်း ဆွေးနွေးရေး ကော်မတီ(FPNCC) တွင် တရုတ်- မြန်မာ နယ်စပ်အခြေစိုက် ဝအဖွဲ့ (UWSA) ၊ တအာင်းလွတ်မြောက်ရေးအဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ မိုင်းလားအဖွဲ့(NDAA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့( KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့ဖြင့် ယခုနှစ် ဧပြီလအတွင်း၌ ဖွဲ့စည်းထားခြင်းဖြစ်သည်။

"အခုအချိန်အထိ ဘာမှ ဖိတ်ကြားထားခြင်းမရှိသေးပါဘူး။ သုံးဖွဲ့တွေ့မယ် လေးဖွဲ့တွေ့မယ်ဆိုပြီး ဖိတ်ကြား လာတယ်ဆိုရင် ကျွန်တော်တို့ FPNCC ကြားထဲမှာ ပြန်ပြီးတော့ ဆွေးနွေးရမှာပေါ့။ ဖိတ်ကြားမှုအပေါ်မှာ မူတည်မှာပါ" ဟု FPNCC အဖွဲ့ဝင် တအာင်းလွတ်မြောက်ရေးအဖွဲ့ (TNLA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် တာဘုန်းကျော် က ဆိုသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် တပ်ဖွဲ့များအားလုံး FPNCC ကော်မတီတွင် ပါ၀င်သည့်အတွက် ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရန် လက်တွေ့ကျကျ ဆွေးနွေးနိုင်မည်ဟုလည်း ၄င်းက ဆိုသည်။

"တစ်ဖွဲ့ချင်းတွေ့မယ်ဆိုရင် ဒီတစ်ဖွဲ့နဲ့ ရပ်လိုက် ဟိုတစ်ဖွဲ့နဲ့ ပစ်လိုက်ဆိုရင် ဘယ်လိုမှ ပြီးနိုင်မှာမဟုတ်ဘူး၊ ကော်မတီနဲ့ တွေ့ရင် လက်တွေ့ပြဿနာတွေကို ရှင်းနိုင်မယ်၊ လက်တွေ့ကျတဲ့ အပစ်အခတ်ရပ်စဲရေးတွေကို လုပ်နိုင်မယ်" ဟု ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဆိုသည်။

အစိုးရဘက်မှ ပြောရေးဆိုခွင့်ရှိသူ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မြောက်ပိုင်း ရ ဖွဲ့အား FPNCC ကော်မတီအနေဖြင့် မတွေ့ဆုံခြင်းသည် ယင်းကော်မတီတွင် ပါ၀င်သည့် ၀ အဖွဲ့ (UWSA) ၊ မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းအဖွဲ့(SSPP) တို့သည် အစိုးရနှင့် ပြည်နယ်အဆင့် Bilateral Agreement  လက်မှတ်ထိုးထားပြီး ကျန်အဖွဲ့များသည် သဘောတူလက်မှတ်မထိုးထား၍ ခွဲတွေ့ရခြင်း ဖြစ်သည်ဟု အောက်တိုဘာ ၂၄ ရက်နေ့က ရန်ကုန်မြို့တွင် သတင်းမီဒီယာများအား ဖြေဆိုထားသည်။

အဆိုပါ ပြည်နယ်အဆင့် Bilateral Agreement လက်မှတ်ရေးထိုးရေးကို ကျန်ရှိနေသည့်အဖွဲ့များမှ ဆောင်ရွက်သွားသင့်ပြီး နိုင်ငံရေးဆွေးနွေးပွဲကို FPNCC မှ ဆက်သွားနိုင်လျှင် ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း တိုင်းရင်းသားအရေး ၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။

"ဖြစ်နေတာကတော့ လိပ်ခဲတည်းလည်းအနေအထားပဲ၊ ဒီကိစ္စကို ကြားဝင်ညှိနှိုင်းမယ့် လူတစ်ယောက် လိုအပ်မယ်လို့ ထင်တယ်။ လောလောဆယ် ကြားဝင်ညှိနှိုင်းတာက တရုတ်ပဲ ရှိနေသေးတယ်" ဟု ဦးမောင်မောင်စိုးက ဆိုသည်။

အစိုးရနှင့် မြောက်ပိုင်းအဖွဲ့များအကြား အဓိကကြားဝင်ညှိနှိုင်းပေးနေသည့် တရုတ်နိုင်ငံခြားရေးဌာန အာရှရေးရာအထူးသံတမန် မစ္စတာဆွန်ကော့ရှန်သည် ယခု အောက်တိုဘာလအတွင်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံခဲ့သေးသည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...