ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်သည့် ကော်သူးလေ (ကရင်ပြည်) နယ်မြေများအတွင်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှစ၍ ယခု ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအထိ စာသင်ကျောင်း ၃၄ ကျောင်း စစ်အုပ်စုတပ် ၏ ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) က ထုတ်ပြန် လိုက်သည်။
KNU ၏ တပ်မဟာနှင့် ခရိုင် ၇ ခုလုံးတွင် စစ်အုပ်စုတပ်က ပညာရေးအသိုင်းအဝိုင်းကို ပစ်မှတ်ထား၍ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ရာ ကျောင်းသူ၊ ကျောင်းသားများ အပါအဝင် ကျောင်းဆရာ၊ ဆရာမများနှင့် ဒေသခံ ကျောင်းကော်မတီဝင်များ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
ထို ၂ နှစ်အတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ၃၃ ဦး သေဆုံးပြီး ၇၄ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း KECD ၏ စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
KECD ၏ ဆက်သွယ်ရေးနှင့် စည်းရုံးရေးတာဝန်ခံ စောသောသီ က “ကျနော်တို့ ဖော်ပြထားတာက (၃၄) လုံး ဆိုပေမယ့်လည်း တချို့စာသင်ကျောင်းတွေက အခါခါ သူတို့လာပစ်ခံရတယ်။ ပြီးရင်ကလေးတွေရှိတဲ့နေရာကို အရမ်းပစ်ခတ်နေတာကို တွေ့ရတယ်” ဟု ပြောသည်။
ထိုသို့ စစ်အုပ်စုတပ်ဘက်မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေသဖြင့် အကာအကွယ်မဲ့သည့် ကလေးများနှင့် ကျောင်း ဆရာ၊ ဆရာမများသည် ကောင်းကင်ယံမှ ကျရောက်မည့် အန္တရာယ်များကို ကြောက်ရွံ့စိတ်ဖြင့် နေ့စဉ် ဖြတ်သန်း နေကြရကြောင်းလည်း KECD ၏ ထုတ်ပြန်ချက်က ထောက်ပြထားသည်။
ကေအဲန်ယူအနေဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် စာသင်ကျောင်းများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် ပညာရေးဝန်ထမ်းများ တိုက်ခိုက်ခံရမှုမှ ကာကွယ်စောင့်ရှောက်ရန် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက Safe Schools Declaration (ဘေးကင်းလုံခြုံသော စာသင်ကျောင်းများဆိုင်ရာ ကြေညာချက်) ကို အတည်ပြု လက်မှတ်ထိုးထားခြင်း ရှိသည်။
သို့သော်လည်း KECD က မှတ်တမ်းတင်ထားသည့် ထို ၂ နှစ်အတွင်း စစ်အုပ်စုတပ်၏ ပညာရေးကို ပစ်မှတ်ထား တိုက်ခိုက်မှုမှာ ပိုမိုများပြားလာသည့် အခြေအနေရှိသည်ဟု စောသောသီက ဖြည့်စွက်ပြောဆိုသည်။
ထို့ပြင် စစ်အုပ်စုတပ် ခေါင်းဆောင်များက နိုင်ငံတကာ အဖွဲ့အစည်းများရှေ့တွင် ငြိမ်းချမ်းရေး အာမခံချက်ရှိ ကြောင်း ပြောဆိုနေသော်လည်း ၎င်းတို့၏ လုပ်ရပ်များမှာ လက်တွေ့နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေကြောင်း KECD က ဆိုသည်။
ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စုတပ်ကို ပြတ်ပြတ်သားသား အရေးယူရန်နှင့် တာဝန် ယူမှု၊ တာဝန်ခံမှု ရှိစေရေး အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။
ပညာရေးကို တိုက်ခိုက်မှုမှ ကာကွယ်ရေး ကမ္ဘာ့ညွန့်ပေါင်းအဖွဲ့ (GCPEA) ၏ ၂၀၂၆ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာ တစ်ဝန်းရှိ ပဋိပက္ခနယ်မြေများတွင် ပြီးခဲ့သည့် ၂ နှစ်အတွင်း ပညာရေး တိုက်ခိုက်ခံရမှု ၅၀ ရာခိုင်နှုန်းကျော် မြင့် တက်ခဲ့ပြီး ထိခိုက်သေဆုံးသူ အများဆုံးနိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်နေကြောင်း ဖော်ပြထားသည်။
ပုံစာ – စစ်အုပ်တပ်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် စာသင်ကျောင်း / (Photo: CJ - ပုံဟောင်း)







