စစ်တွေ-ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲ ၄ ရက်ဆက် ပြင်းထန်နေ

စစ်တွေ-ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲ ၄ ရက်ဆက် ပြင်းထန်နေ
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG

စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်မှုကြောင့် ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စက်တင်ဘာလ ၇ ရက်နေ့ အထိ ဆက်တိုက် ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းမှစ၍ စစ်တွေမြို့နယ် မင်းချောင်းတံတားအနီးနှင့် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာ အနီးတို့တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဘက်က ကွမ်းတောင်၊ စပါးထား၊ အိုင်ဒင်နှင့် သုံးဆောင် စသည့် ကျေးရွာ များကို လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခဲ့သည်။

စက်တင်ဘာလ ၆ ရက်နေ့ကလည်း မင်းချောင်းတံတားအနီးတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မနေ့က မနက်ပိုင်းတော့ ခဏ ငြိမ်သွားတယ်။ ပြီးမှ တစ်နာရီလောက်က စပြီးတော့ AA က တံတားပတ်ဝန်း ကျင်ကို ဒရုန်းနဲ့ တိုက်ခိုက်တာရှိတယ်။ အပြန်အလှန် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်လိုက်ရပ်လိုက်နဲ့ တစ်နေကုန်ဖြစ်နေတာ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲအတွင်း စစ်အုပ်စုတပ်က လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများအပြင် လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့သဖြင့် ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့သည်။

ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်းပိုင်းရှိ ဖက်ကျကျေးရွာအနီးနှင့် ပေါက်တောမြို့နယ် သဲခုံကျေးရွာဘက်သို့လည်း စစ်အုပ်စုတပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်။

“လေယာဉ်နဲ့ ဗုံးကြဲသွားတာလည်း ရှိတယ်။ စစ်တွေကနေ သဲခုံဘက်ကို လက်နက်ကြီးနဲ့လည်း လှမ်းပစ်နေ တယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲများသည် ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်က စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ် အတွင်းရှိ ကျေးရွာ ၇ ရွာကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာမှ စစ်ရေးတင်းမာလာပြီး စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် မင်းချောင်းတံတားကို ဖြတ်၍ ကွမ်းတောင်ကျေးရွာအနီးအထိ ထိုးစစ်ဆင် လာရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

အာရက္ခတပ်တော် (AA) ဘက်ကလည်း ယင်းနေ့ညပိုင်းတွင် အင်အားထပ်မံဖြည့်တင်းကာ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်းမြို့နယ်ကို ခြေကုပ်ရယူပြီး ယင်းမှတစ်ဆင့် အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ် များသို့ ထိုးစစ်ဆင်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

“အဓိက မင်းချောင်းတံတားပေါ့၊ မင်းချောင်းတံတားကို ကူးပြီးခါမှ အဓိက ကွမ်းတောင်ကို သူတို့ တိုက်စစ်ဆင် လိုတာ အဓိက ကွမ်းတောင်ကို သူတို့ ပစ်နေတယ်။ ပြီးရင် ကွမ်းတောင်ကနေတစ်ဆင့် ပုဏ္ဏားကျွန်း၊ ရသေ့ တောင် လမ်းဆုံလမ်းခွအထိ သူတို့တွေက ထိန်းချုပ်ဖို့အတွက် လုပ်တာ” ဟု CDM ဗိုလ်ကြီးဇင်ယော်က DMG နှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

လက်ရှိ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များရှိ ကျေးရွာ ပေါင်း ၂၀ ခန့်မှ ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထို့ပြင် ကျောက်ဖြူ၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင်လည်း စစ်အုပ်စုတပ်က ရေကြောင်း၊ လေကြောင်းများ အသုံးပြု ၍ ကမ်းတက်ရန်နှင့် စစ်ကြောင်းထိုးရန် ကြိုးပမ်းနေသဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ထားကြသည်။

September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...
စစ်ဘေးတိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းဒေသခံအချို့ - ပုံဟောင်း / APM
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့်...
Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...