ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက် ပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက် ပြင်းပြင်းထန်ထန် အပြန်အလှန် ပစ်ခတ်နေကြောင်း စစ်ရေးသတင်းရင်း မြစ်နှင့် ဒေသခံများက ပြောသည်။
စစ်တွေ - ပုဏ္ဏားကျွန်း အစပ်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်အုပ်စုတပ်ဘက်မှ လက်နက်ကြီး၊ အတွဲ လိုက်ဒုံးနှင့် ဒရုန်းတို့ဖြင့် တိုက်ခိုက်နေသကဲ့သို့ AA ဘက်ကလည်း လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ပြန်လည်တိုက် ခိုက်နေကာ မြေပြင်တွင်လည်း လက်နက်ငယ် ပစ်ခတ်မှုများ ရှိနေကြောင်း သတင်းရင်းမြစ်များက ပြောသည်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မနေ့က စစ်တပ်က လေကြောင်းကနေ ရန်စပြီး ဗုံးကြဲကတည်းက စစ်ရေး တင်းမာနေကြတာ။ ဒီနေ့ မနက်မှာလည်း လက်နက်တွေနဲ့ ပစ်ခတ်တော့ အပြန်အလှန် တိုက်ပွဲတွေ စဖြစ်ကြ တာ။ ဒီနေ့ တမနက်လုံး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေကြတာ” ဟု ပြောသည်။
စစ်အုပ်စုတပ်က စက်တင်ဘာလ ၃ ရက် မွန်းလွဲပိုင်းတွင် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေးတင်းမာရာမှ ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွား လာခြင်း ဖြစ်သည်။
စစ်တွေ စစ်မျက်နှာတွင် စစ်အုပ်စုတပ်နှင့် AA တို့အကြား ဇူလိုင်လကုန်ပိုင်းမှစ၍ စစ်ရေး ငြိမ်သက်နေရာမှ တစ်လကျော်အကြာတွင် နှစ်ဖက် ပစ်ခတ်မှုများ ပြန်လည်စတင်လာခြင်းလည်း ဖြစ်သည်။
စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်တိုက်ခိုက်သံများကို စက်တင်ဘာ လ ၄ ရက် နံနက် ၅ နာရီဝန်းကျင်မှ နံနက် ၁၀ နာရီအထိ ကြားနေရဆဲဖြစ်ကြောင်း ပုဏ္ဏားကျွန်း ဒေသခံများက ဆိုသည်။
ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက “ဒီနေ့ မနက်ကတည်းက လက်နက်ကြီး၊ အတွဲလိုက်ဒုံးတွေနဲ့ လက်နက်ငယ်သံ တွေ စကြားလာရတယ်။ နှစ်ဖက်တိုက်ပွဲက အတော်ပြင်းထန်နေကြပုံရတယ်။ အခု မနက်ထိလည်း ပစ်ခတ် တိုက်ခိုက်သံတွေ ကြားနေကြရသေးတယ်။ ပုဏ္ဏားကျွန်းဘက်က ရွာတွေဆို မြေတွေတောင် တုန်လှုပ်ပါတယ်” ဟု ပြောသည်။
စစ်အုပ်စုတပ်သည် ဂွမြို့နယ်နှင့် သံတွဲမြို့နယ် ကမ်းခြေတစ်ကြောကို စက်တင်ဘာလ ၃ ရက် နံနက်ပိုင်းက စစ်သင်္ဘောများဖြင့် ပစ်ခတ်ခဲ့ပြီး မွန်းလွဲပိုင်းတွင် စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များကို တစ်ပြိုင် နက်တည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထိုသို့ စစ်အုပ်စုတပ်က စစ်ရေးတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာနေသဖြင့် လေကြောင်းနှင့် ရေကြောင်း အန္တရာယ်ကို အထူးသတိပြုကြရန် AA က အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားသည်။
အာရက္ခတပ်တော်သည် စစ်တွေမြို့ ပတ်ပတ်လည်ရှိ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များကို သိမ်းပိုက်ထိန်းချုပ်ပြီးချိန်မှစ၍ ပိတ်ဆို့တိုက်ခိုက်ထားခြင်း ဖြစ်သည်။ စစ်တွေ စစ်မျက်နှာသည် မြေပြင်တိုက်ပွဲ ပြင်းပြင်းထန်ထန် မရှိခဲ့သော်လည်း လက်နက်ကြီး တိုက်ပွဲများနှင့်အတူ AA ၏ ထိုးစစ်များ ရှိနေသည့် ဒေသဖြစ် သည်။







