ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က စတင်တွေ့ရှိရသည့် မိကျောင်းကို ဖမ်းဆီးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
သရက်ပင်လှကျေးရွာအနီးရှိ ခြံတစ်ခုအတွင်း တွေ့ရှိခဲ့သည့် အဆိုပါ မိကျောင်းသည် အရှည် ၈ တောင်ခန့် (၁၂ ပေခန့်) ရှိသည်ဟု မျက်မြင်တွေ့ရှိသူ၏ ပြောပြချက်ကို ကိုးကား၍ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။
“အခုထိတော့ ပွဲပေးထားတယ်။ အဖွဲ့ သုံးဖွဲ့ခွဲပြီး ရှာမယ်လို့တော့ လုပ်နေကြတယ်။ ကြားတာတော့ အလှမွေး ထားတဲ့ကောင် လွတ်သွားတာလို့တော့ ကြားတာပဲ။ အခုထိတော့ မမိသေးဘူး။ တွေ့တဲ့သူက သူ့ရဲ့ ငှက်ပျောခြံထဲ ဆင်းရင်း တွေ့တာတဲ့။ ရေက ခါးလောက်ရှိတာဆိုတော့” ဟု ၎င်းက ပြောသည်။
အဆိုပါ မိကျောင်းကို စက်တင်ဘာလ ၄ ရက်နေ့အထိ မဖမ်းဆီးနိုင်သေးသည့်အတွက် ရွာရိုးတစ်လျှောက် နေထိုင်သည့် အရပ်သားများကလည်း စိုးရိမ်ထိတ်လန့်နေကြသည်။
ရေကြည်မြို့ခံတစ်ဦးက “ရွာရဲ့ အိမ်တွေရဲ့ အနောက်ဘက်တွေမှာက ခြံတွေစိုက်ကြတာရှိတယ်လေ။ ရွာ အနောက်ဘက်က ချောင်းဆိုတော့ ရေက ခြံထဲတွေမှာ ကျန်နေတာ။ လူတွေကတော့ အနည်းနဲ့အများတော့ စိုးရိမ်ကြတာပေါ့။ ဒါပေမဲ့ ရှာကြဖို့ ပြင်နေကြပါပြီ” ဟု ဆက် ပြောသည်။
ယခုတွေ့ရှိသည့် မိကျောင်းသည် အလှမွေးရာမှ လွတ်သွားသည်ဟု ယူဆချက်များ ရှိသကဲ့သို့ တာကျိုးပေါက် ရာမှ ရေနှင့်အတူ ပါလာခြင်းဖြစ်နိုင်သည်ဟူသော ယူဆချက်များလည်း ထွက်ပေါ်နေသည်။
ရေကြည်မြို့နယ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့ကတည်းက ငဝန်တာကျိုးကျခဲ့မှုကြောင့် ရေကြီးရေလျှံမှု များ ကြုံတွေ့နေရသည့် ဒေသတစ်ခု ဖြစ်သည်။
လက်ရှိတွင် ရေပြန်ကျနေသော်လည်း တစ်ရက်လျှင် အနည်းငယ်စီသာ ကျဆင်းသေးပြီး လေးမျက်နှာ၊ ရေကြည်၊ ကျောင်းကုန်းနှင့် ကျုံပျော် စသည့် မြို့နယ်များအပါအဝင် အနီးအနား ဒေသများ၌ တစ်လကျော်ကြာ သည်အထိ ရေကြီးရေလျှံမှုများ ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်။







