မင်းတပ်တွင် စစ်အုပ်စုတပ် လက်နက်ကြီးပစ်၍ လင်မယား ၂ ဦး သေဆုံး

မင်းတပ်တွင် စစ်အုပ်စုတပ် လက်နက်ကြီးပစ်၍ လင်မယား ၂ ဦး သေဆုံး
ဓါတ်ပုံ - Crd
ဓါတ်ပုံ - Crd

ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဥယျာဉ်ခြံအတွင်းနေထိုင်သည့် အသက် ၆၀ ဝန်းကျင် လင်မယား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ HKL Mindat ထံမှ သိရသည်။

မင်းတပ်မြို့နှင့် မြို့အနီးနေရာများကို ကျောက်ထုနှင့် နယ်ခြားတို့မှနေ၍ နံနက် ၉ နာရီခွဲခန့်တွင် စစ်အုပ်စုတပ်က အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလ ၃ ရက် ညပိုင်းကတည်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် မင်းတပ်အရှေ့ခြမ်းကိုလည်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့ကလည်း မင်းတပ်မြို့နယ်၊ ဝှမ်းခုမ်ကျေးရွာကို စစ်အုပ်စုတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲခဲ့သဖြင့် ကျောင်းသားများ၊ စစ်ဘေးရှောင်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံ ၈ ဦး သေဆုံးကာ ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

မြေပြင်စစ်ပွဲတွင် အထိနာနေသည့် စစ်အုပ်စုတပ်သည် အရပ်သားများအပေါ် လေကြောင်းမှ ဗုံးကြဲနေသဖြင့် ချင်းပြည်သူ့အစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများ လေကြောင်းရန် သတိပြုကြရန် ချင်းပြည်သူ့ အစည်းအရုံး (CPU/CPA) က သတိပေးထားသည်။

အလားတူ စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ဩဂုတ်လအတွင်း ချင်းပြည်၌ အမျိုးသမီး ၉ ဦး သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ၏ စက်တင်ဘာလ ၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဩဂုတ်လအတွင်း စစ်အုပ်စု၏ တိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၅၅ ဦး သေဆုံးပြီး ၅၂ ဦး ဒဏ်ရာရရှိခဲ့ကာ အဓိက သေဆုံးရသည့် အကြောင်းအရင်းမှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်အုပ်စုသည် အစိုးရတစ်ရပ်ပုံစံ ပုံဖော်နေသော်လည်း လက်တွေ့တွင် နိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက် ခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များကိုသာ ဆက်လက် လုပ်ဆောင်နေကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက ထောက်ပြထားသည်။

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...