ရေဖြူတွင် စစ်အုပ်စုတပ် လက်နက်ကြီးပစ်ခတ်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ရေဖြူတွင် စစ်အုပ်စုတပ် လက်နက်ကြီးပစ်ခတ်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ မှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၃ ရက် နံနက် ၅ နာရီခွဲခန့်တွင် ကျွဲတလင်းကျေးရွာမှ ရာဖူးကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သဖြင့် နာရီဝက်အကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အုပ်စုတပ်က ကျွဲတလင်းနှင့် ရာဖူးကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ၂ ကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ရာဖူးကျေးရွာထိပ်ရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး လက်၌ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။

ရေဖြူ ဒေသခံ အမျိုးသားတစ်ဦးက “မနက်အစောကတည်း ကျွဲတလင်းဘက်မှာ ပစ်ခတ်သံတွေ ကြားနေရ တာ။ အဲ့ဘက်က တိတ်ပြီးမှ သူတို့ လက်နက်ကြီး နှစ်လုံး ရမ်းပစ်လိုက်တာ။ တစ်လုံး ကျွဲတလင်းရွာအပြင် သင်္ချိုင်းကုန်းမှာ ကျတယ်။ နောက်တစ်လုံးက ရာဖူးရွာထိပ်က အိမ်မှာ သွားကျတာအဲ့ကြောင့် မိန်ခလေး တစ်ယောက်က လက်မှာ ကျည်စနည်းနည်း ထိသွားတာ အကြီးကြီးတော့ မဟုတ်ဘူး” ဟု ပြောသည်။

လက်နက်ကြီးစ ထိမှန်ခဲ့သည့် အမျိုးသမီးကို ကျေးရွာအတွင်းရှိ ဆေးခန်း၌ ဆေးကုသမှု ပေးထားရသည်။

စစ်အုပ်စုတပ်သည် ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရာဖူးနှင့် ကျွဲတလင်းကျေးရွာဘက်သို့ စစ်အင်အား ရာချီ ထပ်မံဖြည့်တင်းထားခဲ့သည်။

အထက်ပါ ဒေသခံ အမျိုးသားက “ပြီးခဲ့တဲ့ နှစ်‌ပတ်လောက်ကပဲ သူတို့ အင်းအားဖြည့်ထားတာ အစက ရာဖူးတို့ ကျွဲတလင်းတို့ဘက်မှာ သူတို့အင်းအာ တစ်ရာလောက်ရှိတယ်။ အခုထပ်ဖြည့်လိုက်တာ နှစ်ရာကျော်လောက် ဖြစ်သွားမယ်။ အဲ့ဒါက သူတို့ ရုပ်ပြထားတာနော် တောဘက်သွားလာနေတဲ့ စစ်ကြောင်းတွေမပါဘူး။ တိုက်ပွဲ လည်း မဖြစ်ဘူး သူတို့ ဘာလို့အင်အားဖြည့်ထားတာလဲတော့ မသိဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့ကလည်း စစ်အုပ်စုတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ရာဖူး ကျေးရွာ ခြံအတွင်း နေထိုင်သည့် အမျိုးသမီးတစ်ဦး ရင်ဘတ်တွင် ကျည်စထိမှန်ကာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ဖူး သည်။

ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) ကို စစ်အုပ်စုက ထိန်းချုပ်ရန် ကြိုးပမ်းစဉ် အရပ်သားများကို သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းတို့ကို ဆက်တိုက် ကျူးလွန်နေကြောင်း Fortify Rights အဖွဲ့၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဓာတ်ပုံ - Crd

September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...
September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...
ဓာတ်ပုံ - PRF
September 1, 2026
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များထံ ငွေကြေးထောက်ပံ့ပေးနေသည့် ထောက်ပို့တပ်သား ၅ သောင်းကျော် မှာ...