သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်များ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုတပ်က ကျန်ရှိနေသည့် နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ သည်။
ပြီးခဲ့သည့် ဩဂုတ်လ တတိယပတ်အတွင်း စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြန်လည်ဖြစ်ပွားစဉ် စစ်အုပ်စုတပ်က ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကျေးရွာများသည် လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် “တစ်လေးလုံး စစ်ဆင်ရေး” ကတည်းက စစ်အုပ်စုတပ်၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများနှင့် မီးရှို့ဖျက်ဆီးမှုများကို ပထမအကြိမ် ကြုံတွေ့ခဲ့ရပြီးဖြစ်ကြောင်း မိုးဗြဲဘက်သို့ စစ်ဘေးရှောင်လာသူ အမျိုးသမီးတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။
မိုးဗြဲဘက်သို့ စစ်ဘေးရှောင်လာသူ အမျိုးသမီးတစ်ဦးက “အရင်စစ်ပွဲတုန်းက အိမ်အကြီးတစ်လုံး မီးလောင် သွားတာ တစ်လုံးက ကျန်သေးတာ အဲ့ကျန်တဲ့ တစ်လုံးတောင် စစ်တပ်က မီးထပ်ရှို့လိုက်ပြီတဲ့။ ဘာမှမကျန် တော့ဘူး။ အခြေအနေကောင်းလို့ ပြန်နေရရင်တော့ အစကနေ ဘဝကို ပြန်စရမှာ။ စစ်ရှောင်ရတာလည်း ကြာလာတော့ မလွယ်ဘူး” ဟု ပြောသည်။
ထို့ပြင် စစ်အုပ်စုတပ်က မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး တော်လှန် ရေးတပ်များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် နေရပ်သို့ မပြန်နိုင်သေးကြောင်းလည်း အဆိုပါ အမျိုးသမီးက ပြောသည်။
တစ်ဖက်တွင်လည်း စစ်အုပ်စုတပ်သည် သျှမ်းပြည်တောင်ပိုင်းဘက်သို့ သွားရောက် စစ်ဘေးရှောင်နေသူများကို ကရင်နီပြည် မိုးဗြဲနှင့် လွိုင်ကော်ဘက်သို့ နေရပ်ပြန်ကြရန်နှင့် မပြန်ပါက အိမ်ခြံမြေများကို ချိတ်ပိတ် သိမ်းဆည်း မည်ဟု ခြိမ်းခြောက်ဖိအားပေးလျက်ရှိကြောင်း စစ်ဘေးရှောင်များက ပြောသည်။
“ပြီးခဲ့တဲ့ (ဇွန်လ)တုန်းကလည်း အဲ့လို ပြန်ခိုင်းလို့ နေရပ်ပြန်တဲ့သူတွေရှိတယ်။ တိုက်ပွဲလည်း ဖြစ်နေတာကို နေစရာမရှိဘူးလေ။ ဘုန်းကြီးကျောင်းမှာပဲ စုပြီးနေကြတယ်။ ဘာမှမထူးဘူး။ အခုတိုက်ပွဲ ထပ်ဖြစ်တော့ ထပ်ရှောင်လာရတယ်။ ဘာအာမခံချက်မှ မပေးနိုင်ဘဲ နေရပ်ပြန်ဖို့ပဲ ဖိအားနေတယ်” ဟု စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် ကရင်နီပြည် ဖားဆောင်း၊ မော်ချီးနှင့် ရှားတောဘက်သို့ စစ်အုပ်စုတပ်က နေ့စဉ် စစ်ကြောင်းထိုး လျက်ရှိပြီး ဩဂုတ်လဆန်းပိုင်းက မော်ချီးဒေသကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သေဆုံးထိခိုက် ဒဏ်ရာရသူများရှိကြောင်း စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထို့ပြင် ဩဂုတ်လဆန်းပိုင်းကလည်း လွယ်ထွယ်အရှေ့ဘက်ရှိ စစ်အုပ်စု စခန်းကုန်းအား ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လွယ်လင်လေးအခြေစိုက် ခမရ (၅၃၀) တပ်မှ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးခဲ့သည်။







