လောင်တလိုင်၌ မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား အိမ်ငှားခွင့် ပိတ်ပင်

လောင်တလိုင်၌ မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား အိမ်ငှားခွင့် ပိတ်ပင်
လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG
လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍ မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားများ အိမ်ငှားနေထိုင်ခွင့်ကို ခရိုင်အုပ်ချုပ်ရေးမှူးက ပိတ်ပင်လိုက်ကြောင်း အိန္ဒိယရောက် ရခိုင်ကုန်သည်များက ပြောသည်။

လောင်တလိုင်ခရိုင်၏ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒေသတွင်း ဗဟိုလိုင်လူငယ်အစည်းအရုံး (CYLA) နှင့် အာသံရိုင် ဖယ်တပ်တို့ ပြုလုပ်ခဲ့ကြသည့် “တရားဥပဒေစိုးမိုးရေး” ဆိုင်ရာ အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူးက ထိုသို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများ၌လည်း ဖော်ပြထားသည်။

လောင်တလိုင်တွင် နေထိုင်သူ ရခိုင်ကုန်သည်တစ်ဦးက “လောင်တလိုင်မှာ နိုင်ငံခြားသား အိမ်ငှားနေထိုင်းခွင့် မပြုထားတာက ၃ လလောက်ရှိပြီ။ အခုတော့ အစည်း အဝေးလုပ်ပြီး ဆုံးဖြတ်တော့ ပိုပြီး တင်းကျပ်လာမယ့် သဘောရှိတယ်။ အရင်ကတော့ အိမ်ရှင်နဲ့ အိမ်ငှား နားလည်မှုနဲ့ ငှားရမ်းပြီး နေထိုင်ကြတာရှိတယ်။လုံးဝ ငှားပြီး နေထိုင်ခွင့် မရဘူးဆိုရင်တော့ ကုန်ကျစရိတ်တွေ အရမ်းများလာနိုင်တယ်” ဟု ပြောသည်။

လောင်တလိုင်ခရိုင်တွင် ချင်းပြည်နှင့် စစ်ကိုင်းတိုင်းမှ စစ်ဘေးရှောင်များနှင့် ရခိုင်ပြည်မှ နယ်စပ်ကုန်သည်များ အခြေချ နေထိုင်လျက်ရှိကြသည်။

ချင်းပြည်နှင့် စစ်ကိုင်းတိုင်းမှ သောင်းနှင့်ချီသည့် စစ်ဘေးရှောင်များသည် ၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်း ပြီးကတည်းက မီဇိုရမ်ပြည်နယ်သို့ တိမ်းရှောင် ခိုလှုံနေကြခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် အိန္ဒိယ-ရခိုင် ကုန်သွယ်ရေး ပြုလုပ်ကြပြီးနောက် နယ်စပ်ကုန်သည်များမှာလည်း မီဇိုရမ်ပြည် နယ်နှင့် လောင်တလိုင်ခရိုင်အတွင်း၌ အခြေစိုက် အလုပ်လုပ်ကိုင်လာကြသည်။

ထို့ကြောင့် လောင်တလိုင်ခရိုင်အတွင်း နိုင်ငံခြားသားများ အိမ်ငှားနေထိုင်ခွင့် ပိတ်ပင်လိုက်ခြင်းသည် မြန်မာ စစ်ရှောင်များ၊ ကုန်စည်စီးဆင်းမှုနှင့် ကုန်သွယ်ရေးပေါ် အမှီပြု လုပ်ကိုင်စားသောက်နေကြသူများအပေါ် ရိုက် ခတ်လာနိုင်သည်။

မြန်မာနိုင်ငံ ချင်းပြည်ဘက်မှ မူးယစ်ဆေးဝါးများ ဝင်ရောက်မှု ရှိနေသည့်အတွက် ယခုကဲ့သို့ တင်းကျပ်မှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်ရောက် ကုန်သည်များက ဆိုကြသည်။

“ဒီဖက်မှာ အခြေချပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှု ပြုလုပ်ကြမှာကို စိုးရိမ်ကြဟန်ရှိတယ်။သာမန် အသွား၊ အပြန် လုပ်နေကြတဲ့ ကုန်သည်တွေက ပြဿနာမရှိနိုင်ပေမယ့် အခြေစိုက်နေထိုင် သူတွေကတော့ အိမ်ငှားနေ ထိုင်ခွင့်မရတော့ ဟိုတယ်တွေ၊ တည်းခိုခန်တွေမှာ နေထိုင်ဖို့ကြတော့ စရိတ်က အရမ်းကြီးနိုင်တယ်” ဟု မီဇိုရမ်၌ နေထိုင်သူ ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။

မမှန်မကန် စာရွက်စာတမ်းအတုများ ပြုလုပ်၍ နေထိုင်ခြင်းနှင့် နယ်စပ်ဖြတ်ကျော်ခြင်းများ ပြုလုပ်သည်ကို တွေ့ ရှိပါကလည်း ဥပဒေအရ ထိရောက်စွာ ဖမ်းဆီးအရေးယူ သွားမည်ဟု လောင်တလိုင်ခရိုင် အုပ်ချုပ်ရေးမှူးက သတိပေးထားသည်။

လောင်တလိုင်ခရိုင်သည် ချင်းပြည်၊ ပလက်ဝမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ခရိုင်တစ်ခုဖြစ်ပြီး အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးတွင် အလွန်အရေးပါသော နေရာတစ်ခု ဖြစ်သည်။

ရခိုင်ပြည်၌ ၂၀၂၃ ခုနှစ် မြို့သိမ်းတိုက်ပွဲများ စတင်ကတည်းက စစ်အုပ်စုတပ်၏ ဖြတ်တောက်ပိတ်ဆို့မှု ဒဏ်ကို ခံနေရသဖြင့် လိုအပ်သည့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် စားသုံးဆီ စသည်တို့အတွက် အိန္ဒိယ ကုန်သွယ်ရေး လမ်းကြောင်းကို အဓိက အားထားနေကြရသည်။

ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...
PYA / ယခုနှစ်အတွင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ လူမှုကူညီရေး ဆောင်ရွက်နေမှု။
September 1, 2026
ရခိုင်ပြည်အတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်သတင်းအချက်အလက် ရရှိမှု...
August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...