ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံရွာအနီး တိုက်ပွဲပြင်းထန်နေ

ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံရွာအနီး တိုက်ပွဲပြင်းထန်နေ
ဓာတ်ပုံ - (Banmaw Scout Team)
ဓာတ်ပုံ - (Banmaw Scout Team)

ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ သည့် နေရာ၌ တိုက်ပွဲပြင်းထန်နေကြောင်း KIO/KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

စစ်အုပ်စုတပ်၏ ရှေ့ပြေးစစ်သင်္ဘောအသေး (တွန်းသင်္ဘော) များ လုံခြုံရေးယူရန် တက်လာစဉ် KIA ပူးပေါင်း တပ်ဖွဲ့များက တားဆီးတိုက်ခိုက်ခဲ့သော်လည်း သင်္ဘောကြီးများကို သိမ်းပိုက်နိုင်ခြင်း မရှိသေးဟု ဆိုသည်။

“မြန်မာစစ်တပ်ရဲ့ သင်္ဘောတွေကိုတော့ KIA ပူးပေါင်းတပ်ဖွဲ့တွေ ပိုကြီးတဲ့သင်္ဘောတွေကို တိုက်ခိုက် ပျက်စီး စေတာ၊ သိမ်းပိုက်နိုင်တာမျိုးတော့ မရှိဘူး။ ဒါပေမဲ့သူတို့ ဆက်လက် မတက်လာနိုင်အောင် ဟန့်တားပစ်ခတ်လို့ ပျက်စီးစေတာမျိုးတော့ ရှိတယ်။ ပြီးတော့ သင်္ဘောအသေးတွေဖြစ်တဲ့ တွန်းသင်္ဘောဆိုတာမျိုးတွေကို ပစ်ခတ် သိမ်းတာမျိုးတော့ရှိတယ်။ ပစ္စည်းတွေတင်တဲ့ သင်္ဘောကြီးတွေကို သိမ်းနိုင်တာမျိုးတော့ အခုထိမရှိသေးပါ ဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အဆိုပါ တိုက်ပွဲများ ပြင်းထန်နေသည့်ကြားမှ ဩဂုတ်လ ၃၀ ရက်နေ့က ဇင်းဘုံရွာရှိ စစ်အုပ်စုတပ်၏ ဗျူဟာ ကုန်းကို တိုက်ထုတ်နိုင်ခဲ့သည့်အပြင် စစ်သင်္ဘောကြီးများကို လုံခြုံရေးယူပေးနေသည့် သင်္ဘောသေးများကိုပါ တိုက်ထုတ်နိုင်ခဲ့သဖြင့် ရွှေကူမှ တက်လာသည့် စစ်သင်္ဘောမှာ ပြန်လည်ဆုတ်ခွာသွားကြောင်း ဗိုလ်မှူးကြီးနော်ဘူ က ဆက် ပြောသည်။

ထိုသင်္ဘောသေးများသည် စစ်လက်နက်ပစ္စည်း တင်ဆောင်လာသည့် သင်္ဘောကြီးများအတွက် ရှေ့ပြေးလုံခြုံရေး ယူရန် လိုက်ပါလာသည့် သင်္ဘောများ ဖြစ်ကြသည်။

ထို့ပြင် ဩဂုတ်လ ၂၉ ရက်နေ့၊ နံနက် ၅ နာရီမှ ၉ နာရီအတွင်း ရွှေကူ၌ စစ်အုပ်စုတပ်ဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စုစုပေါင်း ၂၈ ကြိမ် ရှိခဲ့ပြီး ယင်းရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု အပြင်းထန်ဆုံးနေ့ ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

တံတားဦးမှ ရွှေကူဒေသဘက် တက်လာသည့် စစ်အုပ်စုတပ်၏ လေယာဉ် စုစုပေါင်း ၃၃ စီး ရှိကြောင်းလည်း ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်အုပ်စုတပ်သားများ သေဆုံးမှုများပြားပြီး ရွှေကူသို့ ရောက်ရှိချိန်တွင် ထိခိုက်ဒဏ်ရာရသူ များကို ရဟတ်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၃၁ ရက်နေ့တွင်လည်း ဇင်းဘုံဘက်သို့ စစ်အုပ်စုတပ်ဘက်မှ အပြင်းအထန် ပြန်လည်ထိုးစစ်ဆင် လာသည်ကို KIA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ပြန်လည်တိုက်ထုတ်နိုင်ခဲ့သည်။

စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘောကြီးများသည် ရွှေကူသို့ ဩဂုတ်လ ၂၈ ရက် ညပိုင်းက ဝင်ရောက်လာပြီး နောက်တစ်ရက်တွင် ၎င်းတို့တပ်စခန်း၌ ပစ္စည်းများ ချနေခြင်း ဖြစ်သည်။

အဆိုပါ သင်္ဘောကြီးများသည် ဗန်းမော်သို့ ဆက်လက်တက်ရောက်ရန် ကြိုးစားနေသည့် အခြေအနေဖြစ်သဖြင့် လတ်တလောတွင် နှစ်ဖက်တပ်ဖွဲ့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။

ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...
ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...