ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူး-ဝေါလေလမ်းပိုင်းရှိ သဲဖြူချောင်းအထက် တောင်ကျောနေရာသို့ စစ်အုပ်စုတပ် ထိုးစစ်ဆင်လာသဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူးပေါင်း တပ်များက ဖြတ်တောက်တိုက်ခိုက်လျက်ရှိရာ နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်နေသည်။
ဩဂုတ်လ ၂၇ ရက်နေ့မှစ၍ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြောင်း ကရင်စစ်ရေး သတင်းအရင်း အမြစ်ထံမှ သိရသည်။
လေးကေကော်အထက်ပိုင်း ကျောက်တောင်ကျောမှတစ်ဆင့် ဝါးဘိုးကျောက်တောင်ကျောကို စစ်အုပ်စုတပ် ကျော်လွန်တက်ရောက်လာခြင်းဖြစ်ပြီး လေကြောင်းနှင့် လက်နက်ကြီးဖြင့်လည်း ဆက်တိုက်ပစ်ကူပေးနေသည်။
ထို့နောက် သဲဖြူချောင်းတောင်ကျောနေရာသို့ ဆက်လက်ထိုးစစ်ဆင်လာရာ KNLA မဟာမိတ်တပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဘက်က ပြောသည်။
KNLA မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦးက “သဲဖြူချောင်းဘက်ကို တိုးလာတာ စစ်ကြောင်း(၃)ခုလောက်ရှိတယ်။ ကိုယ့်ဘက်က စစ်ဂွင်ကျယ်ကျယ်ဖြန့်ပြီး ဖြတ်တိုက်နေတော့ သူတို့က လက်နက်ကြီးပစ်ကူ၊ လေယာဉ်ဗုံးကြဲ ပစ်ကူတွေနဲ့ တက်လာလို့ တိုက်ပွဲပြင်းနေတာ (၃)ရက်ရှိပြီ” ဟု ပြောသည်။
စစ်အုပ်စုတပ်သည် လေးကေကော်နောက်တန်း ကွပ်ကဲရေးစခန်းမှတစ်ဆင့် ရှေ့တန်းစစ်ကြောင်းများထံ စစ်ကူ နှင့် လက်နက်ခဲယမ်းများ ဆက်တိုက်ပို့ဆောင်ပေးနေသည်။ ထို့အပြင် တိုက်ပွဲအတွင်း စစ်အုပ်စုတပ်၏ တပ်ဖွဲ့ဝင်သစ်အချို့ KNLA မဟာမိတ်တပ်များထံ ထွက်ပြေးခိုလှုံလာမှုများလည်း ရှိနေသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “စစ်သားသစ်တွေ ဒီဘက်ကို ပြေးလာတာရှိတယ်။ တိုက်ပွဲကတော့ တောင် ပေါ်မှာ ပစ်ခတ်နေတာဆိုတော့ နှစ်ဖက်လုံး အထိအခိုက် ရှိတယ်။ လက်နက်ကြီးလည်း နေရာစုံက ပစ်နေတော့ မိနစ်ခြားပြီး ကျနေတာ" ဟု ပြောသည်။
စစ်အုပ်စုတပ်သည် ဖလူး-ဝေါလေ လမ်းပိုင်းကို ထိန်းချုပ်ရန်၊ ၎င်းတို့လက်လွှတ်ဆုံးရှုံးထားရသည့် စခန်းကုန်း များ ပြန်လည်ရရှိရန်နှင့် နယ်စပ်တွင် တပ်ရင်း၊ တပ်စခန်းများ တိုးချဲ့အထိုင်ချနိုင်ရေးအတွက် နယ်စပ် မြဝတီ တောင်ဘက်ဒေသကို တစ်နှစ်ကျော်ကြာ စစ်ဆင်ရေးပြုလုပ်နေခြင်းဖြစ်သည်။
သို့ရာတွင် ယခု ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအထိ KNLA မဟာမိတ်တပ်များက နယ်မြေအတွင်း အခိုင်အမာခြေကုပ် ယူထားနိုင်ပြီး စစ်အုပ်စုတပ် တက်လာသည့် လမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်နိုင်ခြင်းကြောင့် စစ်အုပ်စုတပ်၏ ရည်ရွယ်ချက် အထမမြောက်နိုင်သေးသကဲ့သို့ ရှေ့ဆက်တိုးနိုင်ခြင်းလည်း မရှိသေးပေ။







